ဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကျင်းပအလေးပြုခဲ့တယ်လို့ Loikaw Local PDF တပ်ရင်းနဲ့ SOF တပ်ရင်း ၂၊ တပ်ခွဲ ၂ တို့ဆီက သိရပါတယ်။
တပ်ရင်းတွေတည်ရှိရာ တောတွင်းတနေရာမှာပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်းဆောင်တွေနဲ့ အာဇာနည်သူရဲကောင်းတွေကို အလေးပြုတာ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို တွန်းလှန်ရင်းကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကိုအလေးပြုတာ၊ နွေဦးတော်လှန်ရေး ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခဲ့တယ်လို့ သိရပါတယ်။
Loikaw Local PDF တပ်ရဲ့ ခေါင်းဆောင်တယောက်က “အာဇာနည်နေ့ဆိုတာ မမေ့အပ်တဲ့၊ ဂုဏ်ပြုရမယ့် နေ့တနေ့ဖြစ်တယ်။ အရင်တုန်းကဆိုရင်တော့ နိုင်ငံရေးပါတီအစုအဖွဲ့တွေနဲ့ အလေးပြုခဲ့တယ်။ ခုချိန်ကျတော့ တပ်ဖွဲ့ဖြစ်တယ်။ တပ်ဖွဲ့ဖြစ်တဲ့အတွက် တပ်ဖွဲ့အလိုက် ဂုဏ်ပြုမယ် အလေးပြုမယ်ဆိုတာမျိုးပေါ့။ ပြီးတော့ အာဇာနည်နေ့အကြောင်း တော်လှန်ရေးအကြောင်း ရဲဘော်တွေကို ပြောကြားတာတွေပြုလုပ်ပါတယ်” လို့ ပြောပါတယ်။
ရှေ့တန်းမှာ တာဝန်ကျတဲ့ရဲဘော်တွေနဲ့ တပ်ခွဲတွေမှာရှိနေတဲ့ ရဲဘော်တွေတော့ ပါဝင်နိုင်ခြင်းမရှိပေမယ့် နောက်တန်းမှာရှိနေတဲ့ ရဲဘော်တွေနဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အလေးပြုခဲ့တယ်လို့ ဆိုပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ပြည်သူ့ကာကွယ်ရေးတပ်မတော်ကလည်း ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်ဆောင်ကြီးတွေနဲ့ နွေဦးတော်လှန်ရေးမှာ တိုင်းပြည်အတွက် အသက်ပေးဆပ်ခဲ့ရတဲ့ သူရဲကောင်းတွေကို စစ်ရေးပြအခမ်းနားနဲ့ ချီတတ်အလေးပြုခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်၊ အာဇာနည်ကုန်းမှာ ဒီနေ့ပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ မတက်ရောက်နိုင်တာ ၅ နှစ်ရှိသွားပြီဖြစ်ပါတယ်။