
အခုလို မိုးဖွဲဖွဲဇူလိုင်လ အတွင်းမှာပေါ့။ ကျနော်တို့ အဖွဲ့ချုပ်လူငယ်တွေကို ချစ်ခင်လေးစားအားကျခဲ့တဲ့ နောင်တော်လည်းဖြစ် ဆရာလည်းဖြစ်တဲ့ မျိုးဆက်ဟောင်း တယောက်က ကျနော်ကို ရင်ဖွင့်ပြောလာတယ်။ "အရင်ကဆို အာဇာနည်နေ့တွေမှာ အဖွဲ့ချုပ်လူငယ်တွေဟာ အာဇာနည်နေ့အခမ်းအနားတွေ လုပ်ကြတာ လွမ်းမောစရာ ကောင်းတယ်ကွာ" ပြီးတော့ အဖွဲ့ချုပ်လူငယ်တွေကို လေးစားအားကျ ဂုဏ်ယူမိခဲ့တဲ့အကြောင်း ပြောလာတယ်။ ကျနော် အင်မတန်ကျေးဇူးလည်းတင်တယ်။ အဖွဲ့ချုပ်လူငယ်ခေါင်းဆောင် တယောက်တာဝန်နဲ့ ဖြတ်သန်းခဲ့ရတာတွေအတွက်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဂုဏ်ယူမိပါတယ်။ တဆက်တည်းမှာပဲ ကျနော့်အတွေးထဲမယ် မဝေးကွာသေးတဲ့ NLD အစိုးရခေတ် ဒီမိုကရေစီခေတ်လို့ပြောလို့ရတဲ့ အခုကာလနဲ့ နှိုင်းယှဥ်ရင် နသဖြူနဲ့အီးလို ကွာခြားသွားတဲ့ တချိန်တုန်းက ရွှေခေတ်ကို လွမ်းမောတမ်းတ ယူကျုံးမရ ဖြစ်မိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်တွေနဲ့ အာဇာနည်နေ့ဟာ ခွဲခြားမရ ဆက်စပ်ထားတဲ့ အမှတ်တရတွေများစွာနဲ့ပါ။ အရေးပါတဲ့ အခန်းကဏ္ဍတွေအကြောင်း ဆောင်းပါးရေးဖို့ဆိုရင် ကျနော့်ဖြတ်သန်းမှုနဲ့ မပြည့်စုံနိုင်ပါဘူး။
သို့ပေမဲ့လည်း အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ စိတ်ဝိညာဉ်ကိုစေစားပြီး ကျနော် ရေသားဦးညွှတ်ပါရစေ။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်က မြန်မာ့လွတ်လပ်ရေးကြိုးပမ်းနေစဉ် ဝန်ကြီးများရုံးမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အကြမ်းဖက်လူသတ်သမားတွေက လက်နက်နဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီနေ့ကတည်းက ဇူလိုင် ၁၉ ရက်နေ့ဟာ “အာဇာနည်နေ့” အဖြစ် မြန်မာတမျိုးသားလုံးရဲ့ တရားမျှတမှု၊ သတ္တိနဲ့ တာဝန်သိမှုကို ပြသတဲ့နေ့ ဖြစ်လာခဲ့ပါတယ်။ အဲဒီနေ့ကို အမှတ်တရပြုခြင်းသာမက မိမိတို့ရဲ့ သမိုင်းပေးတာဝန်ကို ခံယူဆောင်ရွက်သင့်ကြောင်း သတိပေးနေတာလို့လည်း ခံယူကြပါတယ်။ အဲဒီတာဝန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင်တွေက ဆက်လက် လက်ခံသယ်ဆောင်ခဲ့ကြပါတယ်။ တခြားလူငယ်တွေ ခေါင်းဆောင်တွေလည်း ရှိပါတယ်။ ကျနော်က NLD လူငယ်အနေနဲ့ ဖြတ်သန်းခဲ့လို့ အဖွဲ့ချုပ်လူငယ်တွေကို ဦးတည်ပြီးရေးတာပါ။
အာဇာနည်နေ့အခမ်းအနားတွေ ကျင်းပရခြင်းရဲ့ အဓိပ္ပါယ်ဟာ မြန်မာ့လွတ်လပ်ရေးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ တောင်ပေါ်မြေပြန့်မခွဲခြား လူမျိုးဘာသာမရွေး ပူးပေါင်းဆောင်ရွက်မှု မျိုးဆက်သစ်တွေအတွက် သတ္တိပေးတဲ့နေ့ အနေနဲ့လည်း ဖြစ်ပါတယ်။ NLD လူငယ်တွေရဲ့ အဖွဲ့အစည်းနဲ့ မျှော်မှန်းချက်ဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ သာဓကအရင်းအမြစ်တွေကို စံနမူနာယူကြပါတယ်။ လေးစားတန်ဖိုးထားကြပါတယ်။ အခုအချိန်ထိ တော်လှန်ရေးမှာ ဦးဆောင်နေတဲ့ ဦးပေါ် (ကိုမင်းကိုနိုင်) အစရှိတဲ့ ခေါင်းဆောင်တွေကို ချစ်ခင်လေးစား အားကျအတုယူကြပါတယ်။
နိုင်ငံရေးထဲကို လူငယ်တွေရဲ့ပါဝင်မှုကို မြှင့်တင်တဲ့ မဟာဗျူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုအောက်မှာ ရှိပါတယ်။ ၂၀၁၇ မှာလည်း လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး လူငယ်တွေရဲ့ နိုင်ငံရေးမှာ ပါဝင်မှုကို မြှင့်တင်နိုင်ခဲ့ပါတယ်။ အာဇာနည်နေ့တွေမှာ NLD လူငယ်တွေဟာ အစဥ်အလာအတိုင်းခေါင်းဆောင်ကြီးတွေရဲ့ သမိုင်းအထောက်အထားတွေကို ရွတ်ဖတ်ပြတာတွေ၊ မိန့်ခွန်းတွေ ပြန်လည်ဟောပြောတာတွေ ပြုလုပ်ခဲ့ပါတယ်။ အမှတ်တရ ဆွေးနွေးပွဲတွေနဲ့အတူ ပြည်သူတွေနဲ့ ပူးပေါင်းကာ အာဇာနည်နေ့ရဲ့ အကြောင်း လွတ်လပ်ရေးရဲ့ အဓိပ္ပါယ် စတာတွေကို ပညာပေးပွဲတွေ လုပ်ပေးခဲ့ကြပါတယ်။
ဒီနေ့အချိန်အခါမှာ သမိုင်းကိုဆန့်ကျင်နေတဲ့ အခြေအနေထဲမှာ လူငယ်တွေဟာ တာဝန်အရ စစ်အာဏာသိမ်းမှုကို အာဏာဖီဆန်မှုတွေကနေ အာဇာနည်စိတ်ဓာတ်နဲ့ တာဝန်ကျေပွန်စွာ ရှိနေကြပါတယ်။ လူငယ်တွေဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ စွမ်းရည်တော်တော်များများကို ကိုယ်စားပြုပြသနေကြတာ မျက်မြင်ကိုယ်တွေ့ပါပဲ။
အာဇာနည်ဆိုတာ သေမှဖြစ်တာမဟုတ်ပါဘူး။ မသေခင်ကတည်းက ကိုယ့်အသက်ကို ပဓာန မထားဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်တိုက်ပွဲဝင်ရဲတယ်ဆိုရင် အာဇာနည်ပါပဲ။ အခုချိန်မှာလည်း လူငယ်တွေဟာ အာဇာနည်စိတ်ဓာတ် ဝိညာဥ်နဲ့ တော်လှန်ရေးခရီးကြမ်းကြီးမှာ ဆက်လက်ပါဝင်နေကြပါတယ်။
“လွတ်လပ်ရေး” တိုက်ပွဲဆိုတာ ပြီးသွားတဲ့ အရာမဟုတ်ပါ။ အနာဂတ်အတွက် ဆက်လက် ဖန်တီးရမယ့် တာဝန်တခုထက်ပိုပါတယ်။ အာဇာနည်နေ့ဟာ ခေါင်းဆောင်မဲ့လှုပ်ရှားမှုမဟုတ်ပါ။ အာဇာနည်ခေါင်းဆောင်ကြီးတွေ ချန်ထားသွားခဲ့တဲ့ ရည်ရွယ်ချက်တွေကို ဆက်ခံဖို့ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ တာဝန်ရှိနေပါတယ်။ အဲဒီတာဝန်တွေထဲမှာ အရေးပါတဲ့ ခေါင်းဆောင်တွေအဖြစ် မျှော်လင့်နိုင်တာကတော့ NLD လူငယ်တွေဟာ ထိပ်ဆုံးက ပါဝင်နေတာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ တက်ကြွမှု၊ သတ္တိနဲ့တာဝန်သိမှုဟာ လွတ်လပ်ရေးရဲ့ နောက်ထပ် သက်တမ်းဖြစ်လာစေနိုင်ပါတယ်။
ကျနော်က မြောက်ဥက္ကလာပ NLD လူငယ်အဖွဲ့ရဲ့ ခေါင်းဆောင်တွေအထဲက တယောက်ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီနေရာမှာ မြောက်ဥက္ကလာပ NLD လူငယ်အဖွဲ့ရဲ့အခန်းကဏ္ဍတွေကို အမှတ်တရ ပြန်လည်ဝေမျှချင်ပါတယ်။ မြောက်ဥက္ကလာပ NLD လူငယ်တွေနဲ့ အာဇာနည်နေ့တွေဟာ အဓိပ္ပါယ်တွေနဲ့ ဖြတ်သန်းခဲ့ကြတာပါ။
ဇူလိုင် ၁၉ ရက်ဟာ မြန်မာ့သမိုင်းမှာ သက်တမ်းအရှည်ဆုံးသောအမှတ်တရအဖြစ်ဆုံး နေ့ဖြစ်မှာပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ လွတ်လပ်ရေးအတွက် အသက်ကို ပဓာနမထားဘဲ တိုင်းပြည်နယ် တိုင်းရင်းသားလူမျိုးအသီးသီးအတွက် ပေးဆပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ ဝိညာဉ်တွေရဲ့ ကိုယ်စား သံတမန်ဖြစ်အောင် ကျနော်တို့ NLD လူငယ်တွေဟာ ယနေ့တိုင် ဆက်လက်တာဝန်ထမ်းဆောင်နေကြ ပါတယ်။
NLD လူငယ်အဖြစ် ကျနော်ရဲ့ တာဝန်ထမ်းဆောင်မှုဟာ မြောက်ဥက္ကလာပမှာ လူငယ်လုပ်ငန်းအဖွဲ့အနေနဲ့ သမိုင်းနဲ့ ချိတ်ဆက်ပြီး တာဝန်အသိ တာဝန်သတိနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။
အာဇာနည်နေ့ အမှတ်တရအနေနဲ့ ဂုဏ်ပြုအခမ်းအနားတွေကျင်းပတာတွေ၊ လူငယ်တွေအတွက် သမိုင်းဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲတွေ ပြုလုပ်ပေးတာတွေဟာ အဖွဲ့ချုပ်လူငယ်တွေဟာ အားသွန်ခွန်စိုက်လုပ်ခဲ့ကြတဲ့ အာဇာနည်နေ့ အခမ်းအနားတွေပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မူဝါဒနဲ့အတူ လက်တွေ့လှုပ်ရှားသက်ဝင်မှုတွေဟာ မျိုးဆက်သစ်လူငယ်တို့ရဲ့ အာဇာနည်ဝိညာဉ်ပါပဲ။ အာဇာနည်ခေါင်းဆောင်ကြီးတွေက စတင်ခဲ့တဲ့ လွတ်လပ်ရေးလမ်းကြောင်းဟာ ယနေ့အချိန်ထိ ရပ်တန့်သွားခြင်းမရှိပါ။ ကျနော်တို့လို လူငယ်တွေအနေနဲ့ မတရားတဲ့အာဏာနဲ့ မနာလိုမှု စရိုက်ဆိုးမှ လေ့လာမှုသင်ခန်းစာနဲ့ သတိပေးမှုတွေ လက်ခံရရှိခဲ့ပါတယ်။
မြောက်ဥက္ကလာပမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ အခြေအနေဟာ မြို့နယ်အဆင့်မှာ စစ်အာဏာသိမ်းပြီးနောက် လူငယ်လှုပ်ရှားမှုတွေ ကန့်သတ်ခံရမှုတွေ တစတစ သိပ်သည်း ကျစ်လျစ်လာပါတယ်။ သမိုင်းကိုပြန်လည်ရေးသားဖို့အတွက် နည်းလမ်းရှာဖွေခဲ့ရပါတယ်။ ဆိုးရွားနေတဲ့ အခြေအနေထဲမှာကို “လွတ်လပ်ရေးအဓိပ္ပါယ်” နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ စိတ်ဓာတ်နဲ့ ရည်မှန်းချက်တွေကို ဆက်လက်အကောင်အထည်ဖော်နေကြပါတယ်။ လူငယ်တွေရဲ့ တာဝန်သိမှု သတိနဲ့ ရဲရင့်မှုတွေဟာ ကျနော်တို့မျိုးဆက်မှာ ခေါင်းဆောင်ဖြစ်ဖို့သာမက ပြည်သူကို စိတ်ဓာတ်ခွန်အားတွေပေးဖို့ တန်ဖိုးထားစရာသမိုင်းကို မမေ့စေမယ့် လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် အာဇာနည်နေ့ဟာ တိတ်ဆိတ်ငြိမ်သက်ကာ ဂရဝါပြုဂုဏ်ပြုနေရုံသာ မကဘဲ သမိုင်းပေးတာဝန်နဲ့ သတိတရ ဖော်ပြဖို့ ထိုက်တန်တဲ့နေ့တနေ့ပါ။ ကျနော်တို့ မြောက်ဥက္ကလာပ NLD လူငယ်အဖွဲ့ အပါအဝင် မျိုးဆက်သစ်လူငယ်တွေဟာ ဗိုလ်ချုပ်တို့အနေနဲ့ စတင်ခဲ့တဲ့ လမ်းကြောင်းကို တန်ဖိုးထားကာ တာဝန်နဲ့ဆက်လက်ဆောင်ရွက်နေပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ဝိညာဉ်ဟာ ကျနော်တို့မျိုးဆက်ရဲ့ နှလုံးအိမ်ထဲမှာ အသက်ဝင်နေဆဲ ဖြစ်ပါတယ်။ ဇူလိုင် ဆယ်ကိုးဟာ ကျနော်တို့ မြန်မာပြည်ကို အဖြစ်ဆိုးစေခဲ့တဲ့ နေ့ရက် တရက်ဖြစ်ခဲ့ပါတယ်။ သို့ပေမဲ့လည်း ဆယ့်ကိုး ဇူလိုင်ဟာ ဘယ်တော့မှ မမေ့နိုင်စရာ မိုးစက်တွေနဲ့အတူ ကျနော်တို့ရဲ့ မျက်ရည်တွေကို တော်လှန်မြစ်ကြီးထဲ စီးဆင်း ခေါ်ဆောင်သွားနေဦးမယ်ဆိုတာ မုချမလွဲပါပဲ။
ချစ်မင်းနွဲ့ကြည်