Home
မြန်မာသတင်း
ညောင်ဦး ရေဘေးသင့်ပြည်သူများကို စစ်ကောင်စီက တပတ်စာ ကျပ် ၅,၀၀၀ ထောက်ပံ့
DVB
·
July 16, 2025

ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးသင့်ခဲ့ရတဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က လူဦးရေ ၂၀၀ ကျော်ကို ဇူလိုင် ၁၅ ရက်က တပတ်တာအသုံးစရိတ်အတွက် စစ်ကောင်စီက ငွေ ၅,၀၀၀ ထောက်ပံ့ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၅ ရက် နေ့လယ် ၂ နာရီက ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက မြို့နယ်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ရေဘေးသင့်ပြည်သူတွေ နေထိုင်ရာ စခန်းတွေ ရောက်လာပြီး တပတ်တာ အသုံးစရိတ် ငွေ ၅,၀၀၀ ပေးခဲ့တယ်လို့ ၅ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“ခရိုင်အုပ်ချုပ်ရေးမှူးက ပြောတယ်၊ အခုလိုချိန်မှာ ရေဘေးသင့်ပြည်သူတွေ အခက်အခဲ ဖြစ်နေမယ်ဆိုတာ သိတယ်။ အဲဒီပြဿနာအတွက် တပတ်တာ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့ ထောက်ပံငွေ ကူညီပေးမယ်။ တပတ်အတွင်း ရေမကျသေးလို့ရှိရင်လည်း နောက်ထပ်ပေးဦးမယ်လို့ပြောပြီး တယောက်ကို ငွေ ၅,၀၀၀ ပေးသွားတယ်။”

ညောင်ဦးမြို့နယ်မှာ ဇူလိုင် ၁၂ ရက်နဲ့ ၁၃ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကမ်းဘေး နေအိမ်တွေနဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်ခဲ့ပြီး ရေနစ်မြုပ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“တချို့ရပ်ကွက်တွေဆို ၅,၀၀၀ တောင် မရဘူး၊ ထွေအုပ်က အဲဒီ ၅,၀၀၀ ကိုယူပြီး ရေသန့်တဘူး၊ ခေါက်ဆွဲခြောက်၊ မုန့်ကြွပ်တထုပ် ဝယ်ပေးတာ၊ ရေဘေးသင့်နေတဲ့အချိန်မှာ စီးပွားရေးလုပ်တာ။”

လတ်တလော ရေဘေးသင့်ပြည်သူ ၂၀၀ ကျော်ဟာ အမှတ် ၄ ရပ်ကွက်၊ ၅ ရပ်ကွက်နဲ့ ၇ ရပ်ကွက်ရှိ ဓမ္မာရုံတွေမှာ နေထိုင်နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ဦးမြို့နယ်အပြင် နေပြည်တော် လယ်ဝေးနဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာလည်း ရေကြီးရေလျှံမှု ဖြစ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024