Home
မြန်မာသတင်း
ညောင်ဦးနှင့် တောင်သာတွင် စစ်တပ်က ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့
DVB
·
July 2, 2025
Photo: ညောင်ဦး ပကဖ/ပုံဟောင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲကို ဇွန် ၂၂ ရက်ကစပြီး စစ်ကြောင်းထိုး ​ဝင်ရောက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေက လူနေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ ၅ ယောက်ထက်မနည်းကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ညောင်ဦးအခြေစိုက် ပကဖ ရဲဘော်တယောက်က “ညောင်ဦးမြို့နယ်ထဲကို စစ်တပ်ဘက်က တောင်ဇင်းရဲစခန်းကနေ စစ်ကြောင်းတခုနဲ့ ညောင်ဦးမြို့ကနေ သံချပ်ကာကားတွေပါတဲ့ စစ်ကြောင်းတခု၊ စစ်ကြောင်း ၂ ခုမှာ အင်အားကတော့ တကြောင်းကို ခန့်မှန်း ၁၀၀ လောက် ပါနိုင်ပါတယ်။ ဒီမြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုး ဖျက်ဆီးခဲ့တာ ၅ ရက်လောက် ရှိခဲ့တယ်ဗျ။ သူတို့ မီးရှို့လို့ ရွာ ၅ ရွာလောက်က အိမ်ခြေ ၁၀၀ ဝန်းကျင်လောက် မီးလောင်ပျက်စီးကုန်ပါပြီ။ စစ်ဘေးရှောင်ရတဲ့ ရွာတွေကတော့ ခန့်မှန်း ရွာ ၂၀ ကျော် ရှိပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေကတော့ ကလေး၊ လူကြီးတွေ ၁၀,၀၀၀ ကျော် ရှိပါတယ်။ စစ်ကြောင်းထွက်သွားလို့ သူတို့မီးရှို့ခဲ့တဲ့ ရွာတချို့ကို ဝင်စစ်တဲ့အခါမှာ ဆင်သားမွေးရွာထဲမှာ အသက် ၄၀ လောက်ရှိတဲ့ အမျိုးသားတယောက်ကို သတ်ပြီး အဲဒီရွာထိပ်မှာပဲ မြေမြှုပ် အလောင်းဖျောက်ထားတာကို တွေ့ခဲ့ရပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ညောင်ဦးမြို့နယ်ထဲမှာရှိတဲ့ ကမ္မကျေးရွာက လူနေအိမ် အလုံး ၆၀ နီးပါး၊ ဆင်သားမွေးကျေးရွာက လူနေအိမ် အလုံး ၃၀ နီးပါး၊ ဈေးမကြီးကျေးရွာက လူနေအိမ် အလုံး ၂၀ ကျော်၊ တောပြားကျေးရွာက နေအိမ် ၁၀ လုံးဝန်းကျင်နဲ့ သနပ်ပင်ကျေးရွာက လူနေအိမ် ၂ လုံးတို့ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း  ဒေသခံက ပြောတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန် ၂၆ ရက်မှာတော့ ညောင်ဦးမြို့နယ်ထဲကနေ တောင်သာမြို့နယ်ထဲကို ဆက်လက်ထွက်ခွာသွားကြတယ်လို့ ဆိုပါတယ်။

တောင်သာမြို့နယ် ပကဖ တာဝန်ခံ ကိုကြည်စတားက “ညောင်ဦးဘက်ကနေ တောင်သာဘက်ကို ထွက်လာတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းကို ​အဲဒီနေ့မှာပဲ ကျနော်တို့ဘက်က လမ်းကနေ စောင့်တီးလိုက်တာ။ သူတို့ဘက်က အထိနာလို့ လက်နက်ကြီးပစ်ကူတွေ၊ လေကြောင်းပစ်ကူတွေ တောင်းတာ။ MI35 ကဆို ၂ ခါလာပြီး ပစ်ကူပေးသွားတယ်။ သူတို့တောင်းတဲ့ လက်နက်ကြီးပစ်ကူက ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေကလည်း တောင်သာနယ်ထဲက သီးကုန်းရွာထဲကျပြီး အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ဆုံးသွားခဲ့သေးတယ်။ အထိနာတဲ့ (--)တွေက တောင်သာနယ်ထဲက ကင်းဇလုပ်ရွာကိုလည်း မီးဝင်ရှို့သွားပြန်သေးတာ။ အိမ် ၄၊ ၅ လုံးလောက် ပျက်စီးကုန်သေးတာပေါ့ဗျ” လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းရန် အန္တရာယ်တွေကို အထူးသတိထားကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်တဲ့ လေကြောင်းရန် သတိပေး ထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့်လိုက်နာပေးကြဖို့နဲ့ မေတ္တာရပ်ခံ​ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့ကြတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၁,၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေမှာ ယာယီနေထိုင်နေကြရသလို အဆောက်အအုံတွေ ပြန်လည်ဆောက်လုပ်ဖို့ အပြင် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013