
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း ဂါဇာစီးတီးအနီးရှိ ပင်လယ်ကမ်းစပ်မှ အလ်ဘက်ကာ ကော်ဖီဆိုင်ပေါ်ကို အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် ဇွန် ၃၀ ရက်က အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သတင်းထောက်တွေ အပါအဝင် လူအယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဆေးမှူးတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အလ်ဘက်ကာကော်ဖီဆိုင်ဟာ အန္တရာယ်ရှိတဲ့ အခြေအနေတွေမှ ခိုလှုံဖို့နဲ့ ပူပြင်းတဲ့ နွေရာသီရဲ့ အပူဒဏ်ကို ရှောင်ပြေးဖို့ နေရာရှာနေသူတွေနဲ့ ပြည့်ကျပ်နေတာပါ။
ဒါ့အပြင် ဒီကော်ဖီဆိုင်ဟာ လပေါင်း ၂၀ ကြာ စစ်ပွဲအတွင်း ဂါဇာစီးတီးရဲ့ လက်ကျန်စီးပွားရေးလုပ်ငန်း အနည်းငယ်ထဲမှာ တခုဖြစ်ပြီး အင်တာနက်သုံးလို့ရတဲ့ ရှားရှားပါးပါးနေရာ တခုလည်း ဖြစ်ပါတယ်။
အဲဒီဆိုင်မှာ လူတွေက ကမ်းခြေကို အပန်းဖြေဖို့၊ ကစားဖို့၊ အင်တာနက်သုံးပြီး သူတို့ရဲ့ ဆဲလ်ဖုန်းတွေကို အားသွင်းဖို့ လာကြတာလို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်လေယာဉ်မှ ဒုံးကျည်တစင်းက ကော်ဖီဆိုင်ကို ထိမှန်သွားပြီးနောက် သွေးအိုင်တွေ၊ လူ့အပိုင်းအစတွေ ကျန်ရစ်ခဲ့ကြောင်းနဲ့ ရုတ်တရက် ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားလိုက်ရပြီးနောက်မှာ လူတွေ ထွက်ပြေးကြပြီး ပင်လယ်ထဲမှာလည်း အလောင်းတွေ ပြန့်ကျဲနေတာကို တွေ့ခဲ့ရကြောင်းလည်း ဆိုပါတယ်။
အစ္စရေးတင့်ကားတွေဟာ ဂါဇာစီးတီးရှိ ဇေ့ထွန်န် ဆင်ခြေဖုံးရဲ့ အရှေ့ဘက်ဧရိယာတွေကို တွန်းဖယ် ဝင်ရောက်လာခဲ့ပြီး မြောက်ပိုင်းရှိ နေရာအများအပြားကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ချိန်မှာ နယ်မြေတွင်းမှာ ခိုလှုံနေကြတဲ့ မိသားစုပေါင်း ရာနဲ့ချီကို စွန့်ခွာကြဖို့ အမိန့်ပေးခဲ့ပြီးနောက်မှာ စာသင်ကျောင်း ၄ ခုထက်မနည်းကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ အရပ်သားတွေ ထိခိုက်မှုအန္တရာယ် လျော့ပါးစေမယ့် အဆင့်တွေကို လုပ်ဆောင်ခဲ့ပြီးနောက်မှာ ကွပ်ကဲမှုနဲ့ထိန်းချုပ်ရေးဌာနတွေ အပါအဝင် ဂါဇာမြောက်ပိုင်းရှိ စစ်သွေးကြွ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဂါဇာကမ်းမြောင် အနောက်တောင်ဘက်နဲ့ ကမ်းခြေမျက်နှာစာက ကော်ဖီဆိုင်မှာ အသေအပျောက် သတင်းတွေ ထွက်ပေါ်လာခြင်းအပေါ် အစ္စရေးဘက်မှ ချက်ချင်း ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အပစ်အခတ်ရပ်စဲရေး တွန်းအားပေးမှုအသစ်အတွက် အစ္စရေးတာဝန်ရှိသူတွေ ဝါရှင်တန်ကိုရောက်ရှိနေချိန် သီတင်းပတ်တွေအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေကြောင့် ဂါဇာတဝန်း အနည်းဆုံး လူ ၆၀ လောက် သေဆုံးခဲ့ပါတယ်။
Source: Reuters