Home
မြန်မာသတင်း
နောင်ချိုမြို့အနီး အုမ္မခါးနှင့် နောင်အောရွာထိ စစ်ကောင်စီတပ် ပြန်ရရှိ
DVB
·
July 2, 2025
Photo: PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊  နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာအုပ်စု၊ အုမ္မခါးရွာနဲ့ မျက်ချီးနုကျေးရွာအုပ်စု၊ နောင်အောရွာထိ စစ်ကောင်စီတပ်တွေက ပြန်လည်တိုက်ခိုက် ရှိသွားပြီဖြစ်ကြောင်း ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ဒေသခံ အမျိုးသား တယောက်က “ပြင်ဦးလွင်-ရေဝင်-နောင်ချို လမ်းဘက်ကတော့ စစ်တပ်က အုမ္မခါး အထိ ရသွားပြီ။ နောင်ချို-ကံကြီး-တောင်ခမ်း လမ်းဘက်ကတော့ ကံကြီး ကျော်ပြီး နောင်ဩ အထိ စစ်တပ်က ရသွားပြီ။ နောင်ချိုနဲ့ ဘယ်လောက်မှ မဝေးတော့ဘူး။ လေယာဉ်ဗုံးလည်း လာကြဲတယ်” လို့ ပြောပါတယ်။ 

နောင်ချိုမြို့ပေါ်က ဒေသခံ ပြည်သူတွေကတော့ အရင်ကတည်းက ဘေးကင်းရာ တိမ်းရှောင်နေကြပြီး စစ်ကောင်စီ ရသွားတဲ့ နေရာတွေဘက်ကနေ ဖြတ်သွားဖြတ်လာ မရတော့ကြောင်း ဒေသခံက ပြောပါတယ်။ 

ဝောာ်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က“နောင်ချိုဘက်တော့ အခြေအနေက အတော်ပြင်းနေတယ်။ ကံကြီးနဲ့ နောင်ချိုက သိပ်မဝေးတော့ဘူး။ ရွှေညောင်ပင်နဲ့ နောင်ချိုဆိုလည်း သိပ်မလိုတော့ဘူး။ ကားနဲ့ဆို ၁၀ မိနစ် ဝန်းကျင်ပဲ သွားရတယ်။ စစ်ကာင်စီတွေက လေယာဥ်အား၊ ဒရုန်းအားနဲ့ တစတစ တက်လာကြတာ” လို့ ပြောပါတယ်။ 

ပြင်ဦးလွင်-ရေဝင်-အုမ္မသီး-နောင်ချို လမ်းဘက်မှာဝောာ့ စစ်ကောင်စီတွေ အုမ္မခါး အကျော် ရွှေညောင်ပင် နားအထိတောင် ရောက်လာပြီ ဖြစ်ပြီး နောင်ချို ရောက်ဖို့ ကျောက်ကြမ်းရွာ ပဲ ရှိတော့ကြောင်း သိရပါတယ်။ 

ခုနောက်ပိုင်း လက်နက်အသေးတွေတောင် သိပ်မသုံးတော့သလို ဖြစ်လာပြီး ဒရုန်းနဲ့ လက်နက်ကြီးပဲ အားစိုက်သုံးပြီး အပြန်အလှန် တိုက်ကြရတယ်လို့   ဝောာ်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ရှင်းပြပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ဘက်ကတော့ လက်နက်ပိုင်းဆိုင်ရာတွေ ပြန်လည် ဖြည့်တင်းဖို့ရာ ခက်ခဲတဲ့အပြင် လက်နက်အရောင်းအဝယ်ကိုလည်း ဖမ်းဆီးတာတွေ ရှိနေပါတယ်။ 

နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာမှာ ဇူလိုင် ၁ ရက် နေလယ် ၃ နာရီကျော်က စစ်ကောင်စီတပ်က လေကြောင်းနဲ့ ၄ ကြိမ်ကို ဗုံး ၁၁ လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့လို့  ဒေသခံ ၃ ယောက် သေဆုံးခဲ့ပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။ 

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာတော့ ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ခံတပ်စခန်းကုန်း ပွိုင့်-၈၃၄ ကို သိမ်းပိုက်ရရှိခဲ့ကြောင်းနဲ့ DPLA တပ်ဖွဲ့ဘက်က အလောင်း ၆ လောင်း၊ Type-81 သေနတ် ၃ လက်၊ ကျည်အိမ်နဲ့ ကျည်ဆန်တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ 

ဇွန် ၃၀ ရက်ကလည်း TNLA ခံစစ်ဆင်တိုက်ခိုက်နေတဲ့ နောင်ချိုမြို့အနီးရှိ မျက်ချင်းနုရွာနဲ့ နောင်အောရွာကို ထိန်းချုပ်လိုက်ကြောင်းနဲ့ မျက်ချင်းနုရွာတိုက်ပွဲမှာ TNLA အလောင်း ၃ လောင်း၊ Type-81 သေနတ် ၃ လက်၊ ကျည်အိမ်၊ ကျည်ဆန်တွေ၊ လက်ပစ်ဗုံး ၅ လုံး သိမ်းရပြီး နောင်အောရွာ တိုက်ပွဲမှာ TNLA/PDF အလောင်း ၈ လောင်း၊ လက်နက်မျိုးစုံ ၅ လက် သိမ်းရကြောင်းလည်း ဖော်ပြထားပါတယ်။ 

Photo: PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013