
စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်က ဒေသတချို့မှာ ကျားဖြန့်ဂိုဏ်းတွေ ဆက်လည်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်အတွင်းက မိုင်းရှူး၊ ဝမ်ဟိုင်း၊ ဟိုက်ပု၊ တန့်ယန်းနဲ့ မိုင်းဟဒေသတို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဖြစ်တဲ့ ကျားဖြန့်ဂိုဏ်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီဒေသတွေကို စစ်တပ်နဲ့ SSPP တို့က ပူးပေါင်းထိန်းချုပ်နေတာ ဖြစ်ပြီး ကျားဖြန့်ဂိုဏ်းတွေဘက်က အခွန်ပေးဆောင်ကာ လုပ်ငန်းလည်ပတ်နေတာလို့ လားရှိုးမြို့နေ အမျိုးသားတယောက်က ပြောပါတယ်။
“သူတို့တွေက လူအရောက်အပေါက်နည်းတဲ့နေရာတွေမှာ အခိုင်အမာလုပ်နေကြတာ။ တလ တလကိုလည်း ယွမ်သောင်းနဲ့ချီပြီး အခွန်ပေးနေကြတာ။ တာချီလိတ်ကနေ ထွက်သွားတဲ့ ကျားဖြန့်တွေ အဲဒီဘက်ကို ပြန်ပြောင်းလုပ်ကြတာ။ လူကတော့ ထောင်နဲ့ချီရှိတယ်လို့ သိထားတယ်။”
ဒီကိစ္စနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ SSPP ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို DVB က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မဖြေဆိုပါဘူး။
နောက်ထပ် လားရှိုးဒေသခံ အမျိုးသားတယောက်ကလည်း ကျားဖြန့်ဂိုဏ်းတွေမှာ အသက်မပြည့်သူတွေ ရှိနေပြီး နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံနေရတယ်လို့ ပြောပါတယ်။
“ဒီဘက်က ကလေးတွေကို မက်လုံးပေးပြီး ခေါ်သွားကြတာ။ အခါ၊ ပလောင်နဲ့ရှမ်းလူငယ်တွေလည်း ပါကြတယ်။ ပြည်မဘက်က ဗမာတွေလည်း ရှိပါတယ်။ ကလေးတွေကို နှိပ်စက်ပြီး ခိုင်းနေတာ သူတို့တွေက အဆင့်ဆင့် အုပ်ချုပ်ကြတာ။ အဲဒီနေရာတွေကို ဝင်လို့မရဘူး။ အနားတောင် ကပ်ခွင့်မရှိဘူး။ ကျားဖြန့်ရုံတရုံမှာ လူရာနဲ့ချီရှီတယ်။ စစ်တပ်ကရော SSPP ကရော လစဉ် အခွန်ရနေတော့ လုံခြုံရေးပေးထားတဲ့ သဘောပေါ့ဗျာ။”
နိုင်ငံတကာ အာရုံစိုက်လာတဲ့ ကျားဖြန့်ဂိုဏ်းတွေကို ထိထိရောက်ရောက် နှိမ်နင်းမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ဖော်ပြောထားပါတယ်။