Home
မြန်မာသတင်း
ညောင်ဦးမြို့နယ်တိုက်ပွဲတွင်  PDF ရဲဘော်  ၁၀ ဦးကျဆုံး 
DVB
·
July 4, 2025
Photo: ညောင်ဦး ပကဖ/ ယခင်ပုံဟောင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀  ယောက် ကျဆုံးပြီး ၅ ယောက် ဒဏ်ရာရ ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ညောင်ဦးမြို့နယ်ထဲက ဖလန်ကန်နဲ့ တောင်တောရွာကြားမှာ ဇူလိုင်  ၂ ရက်၊ နေ့လယ်ပိုင်းကစလို့ စစ်ကောင်စီစစ်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာလို့ ညောင်ဦးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်ကျပါတယ်။ ရဲဘော် ၅ ယောက်လောက်လည်း ဒဏ်ရာရကြပါတယ်။ အဖမ်းခံရသူတွေလည်းရှိတယ်။ ကိုယ့်ဘက်ကကျွံထွက်သွားပြီး စစ်တပ်ဘက်က ကင်းပုန်းနဲ့ထိပ်တိုက်သွားတိုးမိတာလို့ သိရတယ်။ ကျသွားတဲ့ရဲဘော်တွေကိုတော့ ကောင်းကောင်းမွန်မွန် မီးသင်္ဂြိုလ်ပေးပြီးပါပြီ။” 

တပ်ထောက်ခံတဲ့ ဝါဒဖြင့် တယ်လီဂရမ်ကတော့ အဲ့ဒီတိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင်အလောင်း ၁၀ လောင်းနဲ့ သေနတ် ၁၂ လက် သိမ်းဆည်းရရှိခဲ့​​တယ်လို့ ရေးသားဖေါ်ပြပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးတာရှိတယ်လို့ ဆိုပေမဲ့ အသေးစိတ်သိရှိနိုင်ဖို့ DVB က ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံဆီကို ဆက်သွယ်ခဲ့တာမှာ ဖုန်းနဲ့ အင်တာနက်လိုင်း အခက်အခဲကြောင့်ဆက်သွယ်လို့မရတဲ့အပြင် စစ်ကောင်စီတပ်ဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

​စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၁ ရက်က ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ရဲ့ တောင်ဘက်ခြမ်းက မုန်တိုင်ကျေးရွာ၊ ကြအိုကျေးရွာ၊ ရွာပုလဲကျေးရွာနဲ့ မောင်းဂွတ်တော ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီးနောက် အရပ်သားပြည်သူ  တယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ သလို လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013