Home
မြန်မာသတင်း
မင်းကွန်းဒေသ PDF စိုးမိုးနယ်မြေအချို့လက်လွှတ်ရ၊ ရွာများကို စစ်တပ်မီးရှို့
DVB
·
June 28, 2025
Photo: Wetlet Information network
Photo: Wetlet Information network
Photo: Wetlet Information network
Photo: ယူနီကွန်းပြောက်ကျားတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေတာကြာလာလို့ စိုးမိုးနယ်မြေတချို့ကို လက်လွှတ်လိုက်ရပြီး စစ်ကောင်စီတပ်က ဇွန် ၂၇ ရက်နေ့မှာ မင်းကွန်းဒေသမြောက်ခြမ်းကကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံတွေကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

မင်းကွန်းဒေသမှာ တိုက်ပွဲဖြစ်နေတာ ၃ ပတ်လောက်ကြာလာတာကြောင့် တော်လှန်ရေး တပ်ဖွဲ့တွေဟာ ခဲယမ်းတွေလျော့နည်းလာပြီး ရထားတဲ့စိုးမိုးနယ်မြေတချို့ကို လက်လွှတ်လိုက်ရတယ်လို့ တိုက်ပွဲအတွင်းပါဝင်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

People Servant Force တာဝန်ခံ ကိုနက်ရှိုင်း က “မင်းကွန်းဒေသကို သူတို့ဘက်က အင်အား ၁၅၀ ကျော်နဲ့စစ်ကြောင်းစထိုးကတည်းကတိုက်ပွဲဖြစ်နေတာ အခုလ ပထမပတ် အစကတည်းကပါ။ တိုက်ပွဲက အခုဆိုရင် ရက်ပေါင်း ၂၀ ကျော်လာခဲ့ပြီ။ တိုက်ပွဲရက်ရှည်လာတော့ ကျနော်တို့ဘက်က အဓိက ခဲယမ်းအင်အားနည်းလာတာနဲ့ ဆုတ်ပေးရင်း စိုးမိုးနယ်မြေ ၂ ခုကို လက်လွှတ်ခဲ့ရတယ်။ တိုက်ပွဲစဖြစ်တဲ့အချိန်ကနေအခုထိပေါ့၊ ဘယ်အဖွဲ့ကမှ ထောက်ပံ့ပေးတာမရှိခဲ့ဘူး။ ကိုယ့်မှာရှိတဲ့ ခဲယမ်းလေးတွေနဲ့ ခုခံရင်း ပွိုင့်စခန်းတွေလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

မင်းကွန်းရွာရဲ့မြောက်ဘက်မှာရှိတဲ့ ကင်းရွာနဲ့ ချောင်းမကြီးရွာတို့ကနေ ဆုတ်ပေးလိုက်ရပြီး အဓိက ကတော့ ခဲယမ်းမလုံလောက်တာကြောင့်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ Someday ကလည်း DVB ကို ပြောပါတယ်။

ဇွန် ၂၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ မင်းကွန်းဒေသ မြောက်ခြမ်းကကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Wetlet Information network ရဲ့ ပြောရေးဆိုခွင့်ရှိသူက “စစ်တပ်စစ်ကြောင်းက ကင်းရွာနဲ့ မင်းကွန်းရွာတွေကို မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ကင်းရွာကို မနက်ပိုင်းကစရှို့တာ ည ၈ နာရီလောက်မှာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားပြီ။ ဖမ်းပြီးအသတ်ခံရတဲ့ရွာခံတွေက ၇ ယောက်လောက်ရှိတယ်။ တရွာလုံးလည်း ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန် ၂၇ ရက်နေ့ည ၈ နာရီဝန်းကျင်မှာလည်း မင်းကွန်းကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးနေပြီး မီးလောင်ပျက်စီးတဲ့ အခြေအနေအသေးစိတ်ကိုတော့ စုံစမ်းနေတယ်လို့ သူက ဆက်ပြောပါတယ်။

မင်းကွန်းတိုက်နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူက “သူတို့စစ်ကြောင်းဝင်တဲ့ မင်းကွန်း၊ ကင်း၊ အုန်းသဇင်၊ မြေတိုင်း၊ ချောင်းမကြီးရွာတွေက ပြည်သူတွေသောင်းနဲ့ချီပြီး ထွက်ပြေးနေကြရတယ်။ တချို့ဆို အဝတ်တထည်ကိုယ်တခုနဲ့ပြေးရတာ။ ဒီမင်းကွန်းဒေသက ငလျင်ဒဏ်ကိုအကြီးအကျယ်ခံစားထားကြရတာ။ အခုဆိုရင် သူတို့မှာပြန်စရာအိမ်မရှိကြတော့လို့ အားလုံးဒုက္ခ​တွေပိုရောက်ကုန်ကြပြီ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၃၃ ​လက်အောက်ခံတပ်ဖွဲ့ဝင်တွေအများဆုံးပါတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့ကစပြီး ​မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ခဲ့လို့ ခဲယမ်းလိုအပ်လာပြီး စိုးမိုးနယ်မြေတွေကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ People Servant Force တာဝန်ခံ ကိုနက်ရှိုင်း ကလည်း ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းမှာ တပ်မ ၃၃ ​လက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေအပါအဝင် အင်အား ၂၀၀ ဝန်းကျင်ပါဝင်တယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013