Home
ဆောင်းပါး
အခွန်ထောင်ချောက်၊ အမေရိကန် ကုန်သွယ်ရေးကာကွယ်မှု ဝါဒက မြန်မာ့အထည်ချုပ်လုပ်ငန်းကို ဘယ်လို ချည့်နဲ့စေသလဲ
DVB
·
July 15, 2025

ဒေါ်နယ်ထရမ့်ပ်ဟာ ဒုတိယအကြိမ် အာဏာရလာကတည်းက သူ့ရဲ့ အခွန်စစ်ပွဲကို ပိုပြီးပြင်းထန်အောင် လုပ်ဆောင်နေပါတယ်။ ဒီအတွက်ကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ မမျှော်လင့်ဘဲ ထိခိုက်မှု အများဆုံး ဖြစ်လာနေပါတယ်။ ဒီလုပ်ငန်းဟာ မူလကတည်းက စစ်အုပ်ချုပ်ရေးနဲ့ စီးပွားရေးပြိုလဲမှုဒဏ်ကို ခံနေရတာပါ။

အဓိကအချက်များ

“တချိန်က ဈေးသက်သာတဲ့ ပို့ကုန်အဖြစ် မျှော်လင့်ခဲ့ရတဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ အခုတော့ ပြိုလဲလာနေပါပြီ။ ဒါဟာ အမေရိကန်ရဲ့ အခွန်တွေကြောင့် အဓိကဖြစ်ရတာပါ။ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ကမ္ဘာ့ကုန်စည်ထောက်ပံ့ရေး ကွင်းဆက် မခိုင်မာမှုတွေကလည်း အခြေအနေကို ပိုဆိုးစေပါတယ်။

“ထရမ့်ပ်အစိုးရက ၂၀၂၅ မှာ အခွန်တွေ တိုးမြှင့်လိုက်ပါတယ်။ မြန်မာ့ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန် ၄၄ ရာခိုင်နှုန်းတောင် ပါဝင်ပါတယ်။ ဒါဟာ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းကို ဖျက်ဆီးပြီး အလုပ်အကိုင် ဆုံးရှုံးမှုတွေကိုလည်း အရှိန်မြှင့်လိုက်သလိုပါပဲ။ 

အထည်ချုပ်လုပ်သား ၈၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေပါ။ အခုဖြစ်နေတဲ့ ကုန်သွယ်ရေး ထိုးနှက်မှုက ကျား၊ မ မညီမျှမှုကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေဟာ မတည်ငြိမ်တဲ့ဘဝ ဒါမှမဟုတ် ရွှေ့ပြောင်းလုပ်ကိုင်ရတဲ့ ဘဝထဲကို ရောက်သွားကြရပါတယ်။

ဒေါ်နယ်ထရမ့်ပ် သမ္မတဖြစ်လာပြီး‌နောက် သူ့အစိုးရဟာ အခွန်ဆိုင်ရာမူဝါဒကို ပိုမိုတင်းကျပ်လာခဲ့ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းအမျိုးမျိုးအပေါ်မှာ အခွန်တွေကို မတန်တဆ တိုးမြှင့်ကောက်ခံခဲ့ပါတယ်။

ဒါပေမဲ့ ဒီလို ကိုယ့်နိုင်ငံကိုပဲ ကာကွယ်တဲ့မူဝါဒရဲ့ ဂယက်က အများကြီး ပိုကျယ်ပြန့်ပါတယ်။ တချိန်က မြန်မာနိုင်ငံဟာ အမေရိကန်-တရုတ် ကုန်သွယ်ရေးကနေ အကျိုးအမြတ်ရနိုင်သူအဖြစ် ရှုမြင်ခံခဲ့ရပါတယ်။ အခုတော့ မြန်မာနိုင်ငံဟာ သေနတ်နှစ်လက်ကြား ပိတ်မိနေသူလို ဖြစ်နေပါပြီ။ မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ ရှင်သန်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဒီလုပ်ငန်းဟာ တရုတ်ကုန်ကြမ်း၊ အနောက်နိုင်ငံဈေးကွက်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မှီခိုနေရလို့ပါပဲ။

ဒီဆောင်းပါးမှာတော့ မြန်မာ့အထည်ချုပ်လုပ်ငန်းကို ဖျက်ဆီးနေတဲ့ “အခွန်ထောင်ချောက်” အကြောင်းကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီထောင်ချောက်က ကုန်သွယ်ရေး၊ အလုပ်အကိုင်၊ လူ့အခွင့်အရေးနဲ့ စီးပွားရေးတည်ငြိမ်မှုအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ ဆိုတာကိုပါ တခါတည်း ဆန်းစစ်သွားပါမယ်။ ဒါ့အပြင် နိုင်ငံရဲ့ အရေးအကြီးဆုံးကဏ္ဍတခုဖြစ်တဲ့ ဒီလုပ်ငန်းရဲ့ ရေရှည်အနာဂတ်ကိုလည်း လေ့လာသုံးသပ်သွားမှာ ဖြစ်ပါတယ်။

သမိုင်းနောက်ခံ- အမေရိကန်-တရုတ် အခွန်ကိစ္စနဲ့ မြန်မာအပေါ် ဂယက်ရိုက်ခတ်မှု

မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို နားလည်ဖို့ဆိုရင် အမေရိကန်နဲ့ တရုတ်ကြားက တင်းမာမှုတွေ တိုးလာနေတဲ့ ကုန်သွယ်ရေးအခြေအနေကို အရင်ကြည့်ရပါမယ်။ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချဖို့နဲ့ ပြည်တွင်းစက်မှုလုပ်ငန်းတွေကို ကာကွယ်ဖို့အတွက်ဆိုကာ ၂၀၁၈ ကတည်းက အမေရိကန်ဟာ တရုတ်ကုန်ပစ္စည်းတွေအပေါ်မှာ အခွန်စည်းကြပ်မှုတွေ တဖြည်းဖြည်း ပိုတိုးလုပ်ဆောင်လာခဲ့ပါတယ်။ ၂၀၂၅ မှာ သမ္မတထရမ့်ပ်ရဲ့ အစိုးရသစ် တက်လာတဲ့အခါမှာ ဒီအစီအမံတွေက ပိုပြင်းထန်လာပါတယ်။်

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှာ ထရမ့်ပ်ဟာ ကျယ်ပြန့်တဲ့ အခွန်အစီအစဉ်သစ်တခုကို ကြေညာခဲ့ပါတယ်။ အဲဒါတွေကတော့ သွင်းကုန်အားလုံးအပေါ်မှာ ၁၀ ရာခိုင်နှုန်း၊ တရုတ်ကုန်ပစ္စည်းတွေအပေါ်မှာ ၃၄ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမယ် ဆိုတာပါပဲ။ ဒါကြောင့် တချို့ တရုတ်သွင်းကုန်တွေအတွက် စုစုပေါင်းအခွန်ဝန်ထုပ်ဝန်ပိုးဟာ ၅၄ ရာခိုင်နှုန်းအထိ ဖြစ်သွားပါတယ်။ နောက်ပိုင်းရက်သတ္တပတ်တွေမှာ တချို့ပစ္စည်းတွေအတွက် အခွန်က ၁၄၅ ရာခိုင်နှုန်းအထိတောင် မြင့်တက်လာခဲ့ပါတယ်။

အဓိကထိုးနှက်ချက်တခုလည်း ရှိပါသေးတယ်။ အရင်က တန်ဖိုးနည်းသွင်းကုန်တွေကို အခွန်ကင်းလွတ်ခွင့်ပြုခဲ့တဲ့ de minimis စည်းမျဉ်းကို ပြန်ရုပ်သိမ်းလိုက်တာပါ။ ဒါဟာ ဈေးသက်သာတဲ့ အာရှကုန်ထုတ်လုပ်ငန်းတွေကို မှီခိုနေရတဲ့ အသင့်ဝတ်ဖက်ရှင်လုပ်ငန်းကြီးတွေကို ထိခိုက်စေခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေကိုလည်း ပိုပြီးဖိအားဖြစ်စေခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ မေလမှာ ယာယီအခွန်လျှော့ပေါ့ရေး သဘောတူညီချက်ရခဲ့တာကြောင့် ခဏတာ သက်သာရာရခဲ့ပေမဲ့ ကမ္ဘာ့ကုန်သွယ်ရေးကတော့ ထိခိုက်ပြီးသား ဖြစ်နေပါပြီ။ ဒီအထဲမှာ မြန်မာနိုင်ငံဟာ အပြင်းထန်ဆုံး ထိခိုက်ခံရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ တရုတ်ကုန်ကြမ်းနဲ့ အနောက်နိုင်ငံစားသုံးသူတွေရဲ့ ဝယ်လိုအားကို မှီခိုနေရတဲ့ ထောက်ပံ့ရေးကွင်းဆက်တွေထဲမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေလို့ပါပဲ။

ဖိအားအောက်ရောက်နေတဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်း

၂၀၂၃ ခုနှစ်မှာ မြန်မာ့အထည်ချုပ်လုပ်ငန်းမှာ စက်ရုံ ၈၀၀ ကျော် ရှိခဲ့ပါတယ်။ အဲဒီထဲက သုံးပုံနှစ်ပုံလောက်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ပိုင်ဆိုင်ကြပါတယ်။ သူတို့အများစုက တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းကုမ္ပဏီတွေပါ။ တရုတ် ရင်းနှီးမြှုပ်နှံသူတွေဟာ ဒီကဏ္ဍရဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ပါတယ်။ သူတို့ဟာ အထည်အလိပ်ဖြတ်၊ ချုပ်၊ ထုပ်ပိုးတဲ့ (CMP) စက်ရုံ ၃၀၀ ကျော်ကို လည်ပတ်နေပါတယ်။ ဒီလို နိုင်ငံခြားက ဦးဆောင်တဲ့ တိုးချဲ့မှုတွေကပဲ လုပ်ငန်းကို ရပ်တည်နိုင်အောင် ထိန်းထားပေးခဲ့တာပါ။

၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံက အမေရိကန်ကို ကုန်ပစ္စည်းတွေ တင်ပို့ခဲ့ရာမှာ စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ ၄၇၃ ဒသမ ၁၂ သန်းရှိပါတယ်။ အဲဒီထဲမှာ အထည်ချုပ်နဲ့ အဝတ်အထည်တွေက အများဆုံးဖြစ်ပြီး ဒေါ်လာ သန်း ၃၄၃ ကျော် ရှိပါတယ်။ ဒါဟာ စုစုပေါင်းပို့ကုန်ရဲ့ ၇၂ ရာခိုင်နှုန်း ကျော်နဲ့ ညီမျှပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှာ အမေရိကန်ဟာ မြန်မာနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းအားလုံးအပေါ်မှာ ၄၄ ရာခိုင်နှုန်း အခွန်စည်းကြပ်လိုက်ပါတယ်။ ( ဇူလိုင် ၇ ရက် မှာတော့ မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကို တင်ပို့တဲ့ ပို့ကုန်ပစ္စည်းတွေကို လာမယ့် ဩဂုတ် ၁ ရက်ကစပြီး စည်းကြပ်အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စစ်ခေါင်းဆောင်ထံ လိပ်မူပြီး စာပို့ခဲ့ပြီး စစ်ခေါင်းဆောင်ကလည်း ဒီကိစ္စ တွေ့ဆုံညှိနှိုင်းဖို့ လိုအပ်ရင် အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့ကို အမြန်ဆုံး စေလွှတ်ပေးသွားမယ်လို့ အကြောင်းပြန်ထားပါတယ်။) 

အမေရိကန်ဟာ မြန်မာရဲ့ အကြီးဆုံးကုန်သွယ်ဘက်တော့ မဟုတ်ပေမဲ့ ဒီအခွန်ကြောင့် မြန်မာ့ပို့ကုန်တွေဟာ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်း နည်းသွားပါတယ်။ အထည်ချုပ်လုပ်ငန်းလို အဓိကကဏ္ဍတွေရဲ့ ပို့ကုန်ဝင်ငွေကိုလည်း ခြိမ်းခြောက်နေပါတယ်။ ဥရောပသမဂ္ဂက ကုန်သွယ်ရေးအထူးအခွင့်အရေးတွေ ရပ်ဆိုင်းလိုက်တာ၊ အထည်ချုပ်အော်ဒါတွေ ကျဆင်းလာတာတွေလည်း ရှိနေပါတယ်။ အခု အမေရိကန်ရဲ့အခွန်ကိစ္စပါ ထပ်ပေါင်းလိုက်တဲ့အခါ လုပ်ငန်းဟာ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီကဏ္ဍဟာ CMP စနစ်ကိုပဲ ဆက်လက်မှီခိုနေရတာကြောင့် ရေရှည်အတွက် စိုးရိမ်စရာတွေ ရှိနေပါတယ်။

ဒီလိုထိုးနှက်မှုဖြစ်လာတဲ့အချိန်ကလည်း အဆိုးဆုံးပါပဲ။ မြန်မာ့စီးပွားရေးဟာ ၂၀၂၄ ခုနှစ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တိုးတက်မှုက နှေးကွေးတယ်ပြီး၊ ငွေကြေးဖောင်းပွမှုက မြင့်မားလာနေသလို စစ်အုပ်ချုပ်ရေးကလည်း ဆက်ရှိနေပါတယ်။ မြန်မာဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက အရှေ့တောင်အာရှမှာ စီးပွားရေးစွမ်းဆောင်ရည် အနိမ့်ဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လမှာ GDP ဟာ ၁ ရာခိုင်နှုန်းပဲ တိုးတက်ခဲ့ပြီး ဒါဟာ ကပ်ရောဂါမတိုင်ခင်အဆင့်ထက် ၁၀ ရာခိုင်နှုန်း နိမ့်ကျနေပါတယ်။

မတည်ငြိမ်မှု၊ ပဋိပက္ခနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ ကျဆင်းသွားတာတွေက မြန်မာ့စီးပွားရေးကို အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ မကြာသေးခင်က ငလျင်လှုပ်ခတ်မှု၊ အမေရိကန်အခွန်တွေနဲ့ Mango လို နိုင်ငံတကာအမှတ်တံဆိပ်တွေ ထွက်ခွာသွားတာတွေကြောင့် မြန်မာ့ကုန်သွယ်ရေးနဲ့ စီးပွားရေးအလားအလာဟာ ပိုပြီးဆိုးရွားလာနိုင်ပါတယ်။

မညီမျှတဲ့တုံ့ပြန်မှုများ- အစိုးရတွေက အခွန်ထိုးနှက်မှုကို ဘယ်လိုတုံ့ပြန်နေကြသလဲ

အမေရိကန်ရဲ့ အခွန်ထိုးနှက်မှုကို အာရှနိုင်ငံအစိုးရတွေက အမျိုးမျိုး တုံ့ပြန်နေကြပါတယ်။ သူတို့ရဲ့ နိုင်ငံရေးအခြေအနေနဲ့ စီးပွားရေးစွမ်းဆောင်နိုင်မှုတွေအပေါ် မူတည်ပြီး တုံ့ပြန်ပုံတွေ ကွာခြားတာမျိုးတော့ ရှိကြပါတယ်။

မြန်မာနိုင်ငံဟာ ပို့ကုန်တွေအပေါ် ၄၄ ရာခိုင်နှုန်း အခွန်စည်းကြပ်ခံထားရပါတယ်။ ဒါကို ဖြေရှင်းဖို့ အစီအမံတွေ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေလို သံတမန်ရေးအရ တက်တက်ကြွကြွ မလုပ်ဆောင်သေးပါဘူး။ အမေရိကန်နဲ့ တရားဝင်ဆွေးနွေးမှုတွေ စတင်တာမျိုးလည်း လူသိရှင်ကြား မတွေ့ရသေးပါဘူး။

တရားဝင်အတိုက်အခံဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ သူတို့မှာ နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ ကုန်သွယ်ရေးမူဝါဒအပေါ် အာဏာသက်ရောက်မှု မရှိပါဘူး။ လက်ရှိအာဏာရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကလည်း ထရမ့်ပ်အစိုးရနဲ့ သံတမန်နည်းလမ်းအရ ဆက်ဆံဖို့ စိတ်ဝင်စားမှုမပြပါဘူး။ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) ကတော့ ဒီအခွန်ကြောင့် အခြေအနေတွေ အလွန်ဆိုးရွားနိုင်တယ်လို့ သတိပေးထားပါတယ်။

တခြားနိုင်ငံတွေရဲ့ တုံ့ပြန်ပုံကတော့ ကွဲပြားပါတယ်။ ဗီယက်နမ်နိုင်ငံဟာ လျင်မြန်ပြီး မဟာဗျူဟာကျကျ တုံ့ပြန်ခဲ့ပါတယ်။ သူတို့ဟာ ၄၆ ရာခိုင်နှုန်း အခွန်စည်းကြပ်ခံရပေမဲ့ ယာယီအားဖြင့် ၁၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။ အကောက်ခွန်စည်းကြပ်မှုတွေကို တင်းကျပ်ပြီး အမေရိကန်နဲ့ ကျယ်ပြန့်တဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ စတင်ခဲ့ပါတယ်။

 တရုတ်နိုင်ငံကတော့ အပြင်းထန်ဆုံး တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်က IEEPA (အပြည်ပြည်ဆိုင်ရာ အရေးပေါ်စီးပွားရေးအာဏာများ အက်ဥပဒေ) အရ ၃၄ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့တာကို တုံ့ပြန်တာဖြစ်ပါတယ်။ တရုတ်ကလည်း လက်တုံ့ပြန်အခွန်တွေ စည်းကြပ်ခဲ့ပြီး နောက်ဆုံးမှာ ၁၂၅ ရာခိုင်နှုန်းအထိတောင် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် 'မြေရှားသတ္တု' (rare earths) တင်ပို့မှုကိုလည်း ကန့်သတ်ခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီတွေအပေါ် စိစစ်မှုတွေ တိုးချဲ့လုပ်ဆောင်ခဲ့သလို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှာလည်း တရားဝင် တိုင်ကြားခဲ့ပါတယ်။ ခက်ခဲတဲ့ ဆွေးနွေးပွဲတွေအပြီးမှာတော့ တရုတ်နဲ့ အမေရိကန်ဟာ သဘောတူညီချက်တခု ရခဲ့ပါတယ်။ အဲဒါကတော့ ၂၀၂၅ ခုနှစ်၊ မေလလယ်ကစပြီး ရက် ၉၀ ကြာ အငြင်းပွားမှုတွေကို ခေတ္တရပ်ဆိုင်းထားဖို့ပါပဲ။ ဒီအချိန်အတွင်းမှာ သူတို့ဟာ အခွန်တွေကို ၃၄ ရာခိုင်နှုန်း ကနေ ၁၀ ရာခိုင်နှုန်းအထိ ယာယီလျှော့ချခဲ့ကြပါတယ်။ တခြားကုန်သွယ်ရေးကန့်သတ်ချက်တချို့ကိုလည်း ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒါပေမဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေချိန်မှာ အခွန်အများအပြားနဲ့ ထိန်းချုပ်မှုတွေကတော့ ဆက်ပြီးရှိနေတုန်းပါပဲ။

အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံကတော့ သတိကြီးကြီးနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းကို သုံးခဲ့ပါတယ်။ သူတို့ကလည်း အမေရိကန်ကို တုံ့ပြန်တဲ့အနေနဲ့ ၂၄ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့ပါတယ်။ ဒါပေမဲ့ သံတမန်ရေးကို ဦးစားပေးပြီး ဒေသတွင်းကုန်သွယ်ရေးတည်ငြိမ်မှုကို မြှင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။

အခွန်တွေက မြန်မာ့အထည်ချုပ် အမျိုးသမီးတွေကို ဘယ်လိုဖျက်ဆီးနေသလဲ

အမေရိကန်ရဲ့ ၄၄ ရာခိုင်နှုန်း အခွန်တိုးမြှင့်မှုဟာ စီးပွားရေးထိုးနှက်ချက်သက်သက် မဟုတ်ပါဘူး။ ဒါဟာ ကျား၊ မရေးရာအကျပ်အတည်းတခုလည်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အစောပိုင်းမှာ အထည်ချုပ် လုပ်သား ၅၀၀,၀၀၀ ခန့် အလုပ်လုပ်ပါတယ်။ အဲဒီထဲက ၈၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၁၆ နှစ်ကနေ ၂၇ နှစ်ကြား အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ သူတို့အများစုအတွက် အထည်ချုပ်အလုပ်ဟာ တည်ငြိမ်တဲ့ ဝင်ငွေရနိုင်တဲ့ အနည်းငယ်သော အရင်းအမြစ်တွေထဲက တခုပါ။

အခွန်ကြောင့် အမေရိကန်ရဲ့ အော်ဒါတွေ ကျဆင်းလာပါတယ်။ ဒါကြောင့် စက်ရုံတွေက ထုတ်လုပ်မှုကို လျှော့ချပြီး ကုန်တင်ပို့တာတွေကိုလည်း အလားတူလျှောချလာနိုင်ပါတယ်။ အလုပ်ထုတ်ခံရတဲ့ လုပ်သားတွေဟာ လျော်ကြေး ဒါမှမဟုတ် လူမှုဖူလုံရေး အထောက်အပံ့တွေလည်း သိပ်မရကြပါဘူး။ သူတို့ဟာ မတည်ငြိမ်တဲ့ အလုပ်တွေဆီ ရောက်သွားကြပါတယ်။ တချို့ဆိုရင် ဆင်းရဲတွင်းနက်ထဲကို ပိုနက်နက်ရှိုင်းရှိုင်း ကျရောက်သွားကြရပါတယ်။

၂၀၂၅ ခုနှစ် UNDP ရဲ့ လေ့လာမှုတခုအရ သာမန်အထည်ချုပ်လုပ်သားတဦးဟာ တလကို ကန်ဒေါ်လာ ၁၀၀ အောက်ပဲ ရပါတယ်။ ၇ ရာခိုင်နှုန်းကသာ ဒီထက်ပိုရကြပါတယ်။ ဒီလို လစာနည်းပေမဲ့ အမျိုးသမီးအများစုဟာ သူတို့ရဲ့ အိမ်ထောင်စုဝင်ငွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကို ထောက်ပံ့နေကြရပါတယ်။ ဒါပေမဲ့ ထက်ဝက်ကျော်ကတော့ ကုန်ဈေးနှုန်းကြောင့် အစားအသောက် လျှော့စားရတယ်လို့ ဆိုပါတယ်။ ငါးပုံတပုံကျော်ကတော့ သူတို့ရဲ့ဝင်ငွေဟာ မိသားစု လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ မလုံလောက်ဘူးလို့ ပြောကြပါတယ်။

အခက်အခဲတွေရှိပေမဲ့ လုပ်သားတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က မြန်မာပြည်မှာပဲ ဆက်နေချင်ကြပါတယ်။ လစာနဲ့အခြေအနေတွေ တိုးတက်လာဖို့တော့ မျှော်လင့်ပေမဲ့ မျှော်လင့်ချက်တွေ မှေးမှိန်လာတာနဲ့အမျှ လုပ်သားတွေရဲ့ ၂၁ ရာခိုင်နှုန်းကတော့ နိုင်ငံပြင်ပကို ထွက်ခွာဖို့ ပြင်ဆင်နေကြပါပြီ။ ဒါဟာ တချိန်က သူတို့ကို တည်ငြိမ်မှုပေးခဲ့တဲ့ လုပ်ငန်းတခုမှာ အနာဂတ် မမြင်တော့တဲ့ အမျိုးသမီးငယ်တွေရဲ့ စိတ်ပျက်အားငယ်မှုကို ပြသနေပါတယ်။

နိဂုံး

အချုပ်အားဖြင့်ပြောရရင် အမေရိကန် အခွန်တိုးမြှင့်မှုတွေရဲ့ မူလရည်ရွယ်ချက်က အောင်မြင်မှုနဲ့ အလှမ်းဝေးနေဆဲပါပဲ။ အဲဒီအစား ဒီအခွန်တွေက အမေရိကန် စားသုံးသူတွေအတွက် ဈေးနှုန်းတွေ တက်စေနိုင်ပြီး အမေရိကန် သွင်းကုန်လုပ်ငန်းရှင်တွေကိုလည်း ထိခိုက်စေပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ ရလဒ်ကတော့ နှစ်ဖက်စလုံး ရှုံးတဲ့ အခြေအနေတခုပါပဲ။

ဒီအခြေအနေကို အထင်ရှားဆုံးနဲ့ အနာကျင်ဆုံး မြင်တွေ့ရတဲ့နေရာကတော့ မြန်မာ့အထည်ချုပ်လုပ်ငန်းပါပဲ။ ၄၄ ရာခိုင်နှုန်းအခွန်ကြောင့် အထည်ချုပ်လုပ်ငန်းကို မှီခိုနေရတဲ့ အမျိုးသမီး ထောင်ပေါင်းများစွာနဲ့ သူတို့မိသားစုတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ ပျက်စီးနေရပါတယ်။

ဒီမူဝါဒဟာ စီးပွားရေးဆိုင်ရာလို့ ထင်ရပေမဲ့ သူ့ရဲ့အကျိုးဆက်တွေက လူမှုရေးဆိုင်ရာအထိ အလွန်ပြင်းထန်ခဲ့ပါတယ်။ ကျား၊ မ မညီမျှမှုကို ပိုဆိုးရွားစေပါတယ်။ မိသားစုတွေကို ဆင်းရဲတွင်းထဲ တွန်းပို့ပြီး မခိုင်မာတဲ့ လူ့အဖွဲ့အစည်းတွေကို ပိုမိုပြိုကွဲအောင် အရှိန်မြှင့်ပေးနေပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ အရေးတကြီး အာရုံစိုက်ဖို့လိုသလို ဒီလို ပြင်းထန်လှတဲ့ ကုန်သွယ်ရေးအစီအမံတွေကို ပြန်လည်စဉ်းစားဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ပို့ကုန်တွေကိုသာမကဘဲ လူတွေရဲ့ အနာဂတ်တွေကိုပါ ဆုံးရှုံးသွားရပါလိမ့်မယ်။

ဝင်းဒီယာစိုး 

Ref: -The Sabai Times

-Eurasia Review

-Shwetaungthagathu Reform Initiative Centre

(The Sabai Times နဲ့ Eurasia Review ဝက်ဆိုက်တွင်  ရွှေတောင်သာဂသူ ပြုပြင်ပြောင်းလဲရေး ဦးဆောင်မှုစင်တာမှ သုတေသနပညာရှင် Windia Soe ရေးသားထားသည့် “Tariff Trap: How US Protectionism Is Crippling Myanmar’s Garment Industry – Analysis” သုံးသပ်ချက်ကို ဘာသာပြန်ဆို ဖော်ပြသည်။) 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024