
ဖီတိုလို့ လူသိများတဲ့ အီကွေဒေါ လူဆိုးဂိုဏ်းခေါင်းဆောင် ဟိုဆေး အဒိုလ်ဖှို မားစီးယပ်စ်ဟာ မူးယစ်ဆေးဝါးပြစ်မှုနဲ့ သေနတ်ပြစ်မှုတို့ကို တရားရင်ဆိုင်ဖို့ အမေရိကန်ကို လွှဲပြောင်းပေးမယ့် တရားရုံးရဲ့ တောင်းဆိုချက်ကို ဇူလိုင် ၁၁ ရက်မှာ လက်ခံခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဇန်န၀ါရီလက အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်လာသူ မားစီးယပ်စ်ကို ဇွန်လနှောင်းပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေက မန်းထားကမ်းရိုးတန်းမြို့မှာ ပြန်ဖမ်းမိခဲ့ပြီး လုံခြုံရေးအမြင့်ဆုံးအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။
ဗီဒီယိုကောလ်မှ ကြားနာမှုအတွင်း အမေရိကန်ကို လွှဲပြောင်းပေးမယ့် တောင်းဆိုချက်ကို မားစီးယပ်စ်က လက်ခံမှုကြောင့် လုပ်ငန်းစဉ်ကို မြန်ဆန်စေလိမ့်မှာဖြစ်ပြီး အခုက သမ္မတဆီမှ အတည်ပြုချက်ရယူဖို့ လုပ်ဆောင်နေတာပါ။
အဲဒါပြီးမှ အာဏာပိုင်တွေဟာ သူတို့ရဲ့ အမေရိကန်လုပ်ဖော်ကိုင်ဖက်တွေနဲ့ လွှဲပြောင်း ပေးအပ်မှုအတွက် ညှိနှိုင်းရမှာ ဖြစ်ပါတယ်။
အီကွေဒေါမှာ မားစီးယပ်စ်ဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ဂိုဏ်းဖွဲ့ရာဇ၀တ်မှုနဲ့ လူသတ်မှု အပါအဝင် ရာဇ၀တ်မှုမျိုးစုံအတွက် ထောင်ဒဏ် ၃၄ နှစ် ကျခံနေရတာပါ။
မားစီးယပ်စ်ဟာ နယူးယောက်၊ ဘရွတ်ကလင်ရှိ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်တရားရုံးမှာ မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်မှု အပါအဝင် စွဲချက် ၇ ခုကို ရင်ဆိုင်ရမှာဖြစ်ပြီး ဒီစွဲချက်တွေကို သူ့ကို ပြန်မဖမ်းမိခင် လပိုင်းအလိုမှာ ကြေညာခဲ့ပါတယ်။
မားစီးယပ်စ်ရဲ့ လမ်းညွှန်မှုအောက်မှာ လော့စ်ချိုနေးရိုးစ်ဂိုဏ်းဟာ တရားဥပဒေစိုးမိုးရေး အရာရှိတွေ၊ အီကွေဒေါ နိုင်ငံရေးသမားတွေ၊ ရှေ့နေတွေ၊ အစိုးရရှေ့နေတွေနဲ့ အရပ်သားတွေကို အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြောင်း အမေရိကန် တရားရေးဌာနက ပြောကြားခဲ့ပါတယ်။
အီကွေဒေါအစိုးရဟာ သူ့ရဲ့ဖမ်းဆီးရမိခြင်းဆိုင်ရာ သတင်းအချက်အလက်တွေအတွက် ဆုငွေ ဒေါ်လာ ၁ သန်း ကမ်းလှမ်းခဲ့ပါတယ်။ အာဏာပိုင်တွေဟာ မားစီးယပ်စ်ရဲ့ ဆွေမျိုးတွေကို ဖမ်းဆီးခဲ့ပြီး နိုင်ငံတဝန်းမှာ သူ့ရဲ့ပိုင်ဆိုင်မှုအများအပြားကို သိမ်းဆည်းခဲ့ပါတယ်။ အီကွေဒေါနိုင်ငံသားတွေကို လွှဲပြောင်းပေးရေးကို ၂၀၂၄ ခုနှစ် ဧပြီလက သမ္မတ ဒန်နီရယ် နိုဘိုအာ က ခေါ်ယူခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
Source: Reuters