
တောင်ကိုရီးယားရဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတကာရေပိုင်နက်ပေါ်မှာ အမေရိကန် B-52 ဗျူဟာမြောက် ဗုံးကြဲလေယာဉ်နဲ့ တိုက်လေယာဉ်တွေလည်း ပါဝင်တဲ့ ဂျပန်နဲ့ အမေရိကန်တို့နဲ့အတူ ပူးတွဲ လေကြောင်းလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန် B-52H ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစင်းကို ကိုရီးယားကျွန်းဆွယ်မှာ တပ်ဖြန့်ချထားတာဟာ ဒီနှစ်မှာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေ တိုးလာမှုတွေအပေါ် ဟန့်တားရေးကို တိုးမြှင့်လုပ်ဆောင်ခြင်းလည်း ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဇူလိုင် ၁၁ ရက်က ဆိုးလ်မြို့မှာ ၃ နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်များ နှစ်ပတ်လည်အစည်းအဝေး ကျင်းပနေချိန်မှာပဲ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်နေတာဖြစ်ပါတယ်။
အဲဒီ အစည်းအဝေးမှာ မြောက်ကိုးရီးယား၊ အင်ဒို-ပစိဖိတ်ဒေသနဲ့ ပြင်ပမှာ ဖြစ်ပေါ်နေတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ၃ နိုင်ငံရဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါမှုကို အသိအမှတ် ပြုခဲ့ကြတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားရဲ့ စစ်ရေးတိုးတက်ဖွံ့ဖြိုးမှုတွေနဲ့ ပြုံယမ်းရဲ့ ရုရှားနဲ့ စစ်ရေးဆက်ဆံမှုတွေ ပိုမိုနက်ရှိုင်းလာခြင်းကနေ တင်းမာမှုတွေ တိုးလာတာကြောင့် တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန် ၃ နိုင်ငံတို့ဟာ လတ်တလော နှစ်တွေအတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ထားတာ ဖြစ်ပါတယ်။
Source: Reuters