
ထိုင်းနိုင်ငံမှာ အခုနှစ်အတွင်း မျောက်ကျောက်ရောဂါကူးစက်ခံရသူ အယောက် ၄၀ ရှိလာတာကြောင့် အစိုးရက ရောဂါကူးစက်နိုင် ခြေမြင့်မားတဲ့ ထိခိုက်လွယ်အုပ်စုဝင်တွေ၊ ရောဂါကူးစက်မှုရှိနေတဲ့ ဒေသတွေက ပြန်လာတဲ့ ခရီးသွားတွေကြား သတိထားကြဖို့ တိုက်တွန်းထားတယ်လို့ Bangkok Post သတင်းမှာ ဇူလိုင် ၁၃ ရက်က ဖော်ပြပါတယ်။
ထိုင်းအစိုးရ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ အနူကူးလ် ပရူဆနုဆတ်ခ်က အခု ၂၀၂၅ ခုနှစ်မှာ အရင်နှစ်တွေကထက် ရောဂါဖြစ်ပွားမှု လျော့ကျလာပေမဲ့ မျောက်ကျောက်ရောဂါဟာ လုံးလုံးပျောက်ကွယ်သွားတာမဟုတ်ဘဲ ကူးစက်မှုတွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ၁၇၆ ဦးနဲ့ ၂၀၂၃ ခုနှစ်မှာတ ၆၇၆ ဦးထိ ရှိခဲ့ကာ နိုင်ငံတွင်း ရောဂါစတင်ကူးစက်မှု စတင်ချိန် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကတည်းက ခုချိန်ထိ မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူ ၁၃ ဦး ရှိနေတယ်လို့ ဆိုပါတယ်။
ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာနကတော့ ပြည်ပမှ ပိုမိုပြင်းထန်တဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေအပေါ် အထူးသဖြင့် နိုင်ငံတကာကနေ ဝင်ရောက်လာသူတွေကို စောင့်ကြည့်စစ်ဆေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
အနူကူးလ်က “ထိုင်းနိုင်ငံမှာ လက်ရှိပျံ့နှံ့နေတဲ့ (မျောက်ကျောက်ရောဂါ) မူကွဲဟာ ပြင်းထန်တယ်လို့ မယူဆပါဘူး” လို့ ပြောထားပြီး ဒါဟာ ရောဂါကူးစက်နိုင် ခြေမြင့်မားတဲ့ ထိခိုက်လွယ်အုပ်စုဝင်တွေဆီ ဆက်လက်သက်ရောက်နိုင်တာမို့ ကြိုတင်ကာကွယ်မှုအစီအမံတွေဟာလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရက မျောက်ကျောက်ရောဂါကူးစက်မှု လျှော့ချနိုင်ရေးအပြင် HIV နဲ့ ဆစ်ဖလစ်လို တခြားလိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ပြန့်ပွားမှုတွေကိုပါ ကာကွယ်နိုင်ဖို့ အထူးသဖြင့် လိင်ဆက်ဆံဖက်များသူတွေကို ကွန်ဒုံးအသုံးပြုဖို့ အကြံပြုထားပါတယ်။
ပြည်သူတွေအနေနဲ့ကတော့ အရေပြားနီမြန်းတာ၊ ဒါမှမဟုတ် အရည်ကြည်ဖုရှိတဲ့ လက္ခဏာပြသူတွေနဲ့ အနီးကပ်ထိတွေ့တာတွေကနေ ရှောင်ရှားဖို့၊ မရင်းနှီးတဲ့သူတွေနဲ့ လိင်ဆက်ဆံရာမှာ သတိထားဖို့နဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသတွေက ပြန်လာသူတွေ ရှိပါက ဆေးစစ်ချက် ရယူဖို့ စတာတွေကို လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ရောဂါစစ်ဆေးမှုခံနေရသူတွေအနေနဲ့ ကိုယ်ရေးကိုယ်တာပစ္စည်းတွေကို သီးခြားခွဲထားဖို့နဲ့ တခြားသူတွေ အနီးအနားမှာဆိုရင်လည်း နှာခေါင်းစည်း Mask တွေ အသုံးပြု ဝတ်ဆင်ကြဖို့ အကြံပြုထားပါတယ်။
Source: Bangkok Post


