Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်၌ ကာလဝမ်းရောဂါ ပျံ့နှံ့နေသဖြင့် ထိုင်းကျန်းမာရေးဌာန အရေးပေါ်စင်တာ ဖွင့် 
DVB
·
December 23, 2024

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုမြို့မှာ ကာလဝမ်းရောဂါ ကူးစက်ပြန့်ပွားနေတာကြောင့် ထိန်းချုပ်တားဆီးနိုင်ဖို့အတွက် တာ့ခ်ခရိုင်ထဲမှာ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်ကုသရေးစင်တာ (EOC) တခု ဖွင့်လှစ်ထားတဲ့အကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေး အမြဲတမ်းအတွင်းဝန် ဒေါက်တာ အိုပက်စ် ကမ်ကဝင်ပွန်က တာ့ခ်ခရိုင်ပြည်သူ့ကျန်းမာရေးရုံးကို လတ်တလောမှာ အရေးပေါ်ကုသရေးစင်တာ (EOC) အနေနဲ့ လည်ပတ်နေပြီးတော့ ကျန်းမာရေးစစ်ဆေးရေးမှူးချုပ်အဖြစ် ဒေါက်တာ ဆူဖာချော့ ဝီချာဖန်ဖီးဆက်က ကြီးကြပ်ဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာ ၂၂ ရက်မှာ ပြောလိုက်တာပါ။

EOC အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကျေးရွာတွေ၊ စက်ရုံ၊ အလုပ်ရုံတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ကာလဝမ်းရောဂါဖြစ်နိုင်ခြေကို စောင့်ကြည့်နေကြတယ်လို့ သူက ပြောလိုက်ပါတယ်။

ဒါ့အပြင် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် သောက်သုံးရေအရည်အသွေးကို စောင့်ကြည့်တာ၊ တကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်သက်ပြီးတော့ ရွှေ့ပြောင်းနေထိုင်သူတွေကို အကြံဉာဏ်ပေးတာ၊ အစားအသောက်ပြပွဲတွေ ရောင်းချသူတွေကို ကြီးကြပ်စစ်ဆေးတာ၊ ကာလဝမ်းရောဂါကို ကုသနိုင်ဖို့ အမြန်ဆုံး စမ်းသပ်စစ်ဆေးနိုင်ဖို့ ကိရိယာတွေ အပါအဝင် ဆေးဝါးပစ္စည်းတွေကိုလည်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

ဒေါက်တာ အိုပက်စ်က “တာ့ခ်ခရိုင်၊ မဲ့ရမတ်နဲ့ မဲဆောက်ခရိုင်တွေက ရွှေကုက္ကိုမြို့နဲ့ ကပ်လျက်ရှိနေပြီး ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ရာ စက်ရုံအလုပ်ရုံတွေ၊ အသိုက် အဝန်းတွေ အများကြီး ရှိတာကြောင့် အန္တရာယ် ရှိပါတယ်။ လာမယ့် နှစ်သစ်ကူး အားလပ်ရက်တွေမှာ လူတွေက ပါတီပွဲတွေနဲ့ အစားအသောက်တွေ ဝေမျှကြဦးမယ်” လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရဲ့ ပြောကြားချက်အရ ရွှေကုက္ကိုမြို့မှာ လက်ရှိအချိန်ထိ ကာလဝမ်းရောဂါဖြစ်ပွားသူ ၃၀၀ လောက်ရှိနေပြီး သေဆုံးသူ ၂ ယောက်ထိ ရှိနေကာ မဲဆောက်ခရိုင်ထဲမှာတော့ ကာလဝမ်းရောဂါ ဖြစ်ပွားမှု ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာ ဆူဖာချော့က ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၂ ယောက်က တာ့ခ်ခရိုင်ထဲမှာ အလုပ်လုပ်ဖို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ဖြစ်ပြီး ၂ ယောက်စလုံးမှာ ပြင်းထန်ရောဂါ လက္ခဏာတွေတွေ့ရှိရပြီး တယောက်ကတော့ ဆေးရုံက ဆင်းခွင့်ရခဲ့ပြီလို့ ပြောပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါက ကာကွယ်ဖို့အတွက် အများပြည်သူကို တကိုယ်ရည်သန့်ရှင်းမှု ဂရုပြုကြဖို့နဲ့ ပူပူနွေးနွေး ချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားသုံးဖို့ သူက အကြံပြုထားပါတယ်။

ထိုင်းစစ်တပ်ကလည်း မဲ့ရမတ်နဲ့ မဲဆောက်ခရိုင် နယ်စပ်ဂိတ်တွေကတဆင့် တရားမ၀င် ဝင်ရောက်လာမှုကို တားဆီးနိုင်ဖို့အတွက် လက်ရှိအချိန်မှာ နယ်စပ်ဖြတ်ကျော်ဝင် ရောက်တာတွေကို ပိတ်ဆို့ထားသလို တာ့ခ်ခရိုင် အာဏာပိုင်တွေဘက်က ရောဂါထိန်း ချုပ်ရေးအတွက် ရွှေကုက္ကိုဘက်ကို ဆေးဝါးထောက်ပံ့ကူညီပေးထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ရွှေကုက္ကိုလ်စီးပွားရေးဇုန်မှာ လူပေါင်း ၃၀၀ ကျော်  နိုရိုဗိုင်းရပ်စ်ရောဂါပိုး ကူးစက်နေပြီး ၃ ယောက် သေဆုံးသွားပြီဖြစ်တာကြောင့် ထိုင်းဘက်ခြမ်းက နယ်စပ်လမ်းတချို့ကို ယာယီပိတ်ထားတယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ရောဂါကူးစက်ခံရသူအများစုဟာ တရုတ်နဲ့ နိုင်ငံခြားသားတွေဖြစ်ပြီး ရွှေကုက္ကိုလ် ကျန်းမာရေးဌာနက ကမ္ဘာ့ကျန်းမာရေးအ WHO က ဝေငှထားတဲ့ နိုရိုဗိုင်းရပ်စ်ပိုးစစ်ဆေးရေး ကိရိယာနဲ့ စစ်ဆေးရာမှာ ပေါ့စတစ်ဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

လူနာတွေကုသပေးဖို့ ရွှေကုက္ကိုလ်ကျန်းမာရေးဌာနက ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် မယ်လမတ်မြို့နယ် ကျန်းမာရေးဌာနကို အကူအညီတောင်းခဲ့တာမှာ ထိုင်းဘက်ကလည်း ဆေးဝါးနဲ့ ကုသရေးကရိယာ တချို့ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ 

CH3 ထိုင်းရုပ်သံရဲ့  ဒီဇင်ဘာ ၂၀ ထုတ်လွှင့်သွားတဲ့သတင်းမှာ ရွှေကုက္ကိုလ်မှာ ကူးစက်နေတဲ့ နိုရိုဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ ၃ ယောက်ရှိကြောင်းနဲ့  ၅၆ ယောက်က  ရောဂါပြင်းထန်တယ်လို့ ဆိုပါတယ်။

Source: Bangkokpost

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013