နိုက်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်ဟာ လူဦးရေ ၂ သန်းနီးပါးလောက် အိုးစွန့်အိမ်စွန့် ပြေးခဲ့ရတဲ့ ရေကြီးရေလျှံမှုတွေကို ကြုံရအပြီးမှာ ကာလဝမ်းရောဂါ ဖြစ်ပွားနေပြန်ပြီ လို့ တာဝန်ရှိသူ တဦးက အောက်တိုဘာ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
၁၅ နှစ်တာ အစ္စလာမ္မစ် သောင်းကျန်းမှုရဲ့ ဗဟိုချက်ဖြစ်တဲ့ ဘော်နိုပြည်နယ်မှာ ကာလဝမ်းရောဂါ ဖြစ်ပွားမှုက မဆန်းကြယ်လှပဲ လူပေါင်းထောင်နဲ့ချီ ခိုလှုံရေးစခန်းတွေဆီ ရွှေ့ပြောင်းခဲ့ရပြီး မိလ္လာစနစ်တွေနဲ့ သောက်သုံးရေ အရင်းအမြစ်တွေ ခက်ခဲတယ်လို့ ဆိုပါတယ်။
စစ်ဆေးမှုတွေ လုပ်အပြီးမှာ ကာလဝမ်းရောဂါ ဖြစ်ပွားမှု ၁၇ မှုကို မှတ်တမ်းတင်ထားပေမဲ့ ခုချိန်ထိ သေဆုံးမှုမရှိသေးဘူးလို့ ဘော်နိုကျန်းမာရေးကော်မရှင်နာ ဘာဘာမာလမ်ဂါနာက သတင်းထောက် တွေကို ပြောပါတယ်။
လူအများစု ထိခိုက်မှုရှိတဲ့ ဒေသဆိုင်ရာ အစိုးရနယ်မြေ ၅ ခုမှာလည်း ရေကြီးရေလျှံမှု နဲ့ မသက်ဆိုင်ပဲ ကာလဝမ်းရောဂါလို့ သံသယရှိတဲ့ ရေမသန့်လို့ ဖြစ်ပွားတဲ့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှု အရေအတွက် တိုးလာနေကြောင်းကို မှတ်တမ်းတင်ထားတာ အမှုပေါင်း ၅၀၀ နီးပါး ရှိတယ်လို့လည်း ဆိုပါတယ်။
ကာလဝမ်းရောဂါ သံသယရှိ လူနာတွေကိုလည်း ပိုကြီးမားတဲ့ ကာလဝမ်းရောဂါ ကုသရေးဌာနမှာ ထိထိရောက်ရောက် ကုသခံစေပြီးမှ အိမ်ပြန်ခိုင်းမှာဖြစ်တယ် လို့လည်း ပြောပါတယ်။
ဘော်နိုပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဆည်ရေလျှံတာကနေ ရေကြီးရေလျှံ ဖြစ်ပွားခဲ့လို့ လူပေါင်းသန်းချီ သူတို့ရဲ့နေအိမ်တွေကနေ နေရပ်စွန့်ခွာခဲ့ရပြီး ကျန်းမာရေး အဆောက်အအုံတွေနဲ့ တခြားအခြေခံအဆောက်အဦတွေလည်း ပျက်စီးခဲ့ရပါတယ်။
အခုနောက်ဆုံးဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ကပ်ဘေးကို တိုက်ဖျက်ဖို့အတွက် ဘော်နိုပြည်နယ် ကို ဖယ်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနမှ ဝမ်းရောဂါ ကာကွယ်ဆေး (OCV) သောက်ဆေးပမာဏ ၃ သိန်းကို လက်ခံရရှိခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သူတွေရဲ့ စခန်းတွေနဲ့ ရေဘေးသင့် ရပ်ရွာအသိုင်းအဝိုင်း တွေဆီကို ဖြန့်ဝေပေးခဲ့ကြောင်း ဘော်နို ကျန်းမာရေး ကော်မရှင်နာ ဘာဘာမာလမ်ဂါနာ က ပြောပါတယ်။
လုံလောက်တဲ့ စိတ်ချရမှု ရှိစေဖို့ ပြည်နယ်အစိုးရက နောက်ထပ် ကာကွယ်ဆေး ၆ သောင်းကို စောင့်ဆိုင်းနေတယ်လို့လည်း ဆိုပါတယ်။
Source-Reuters