Home
နိုင်ငံတကာ
ဆူဒန်တွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိလာ
DVB
·
August 18, 2024
Photo - Reuters

ဆူဒန်ပြည်တွင်းစစ်ကာလ ဝမ်းရောဂါအပါအဝင် ကူးစက်ရောဂါတွေကို ပိုဆိုးရွားလာနေပြီး ဘက်တီးရီးယားရောဂါကြောင့် ဒေသတွင်း လူ ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပြောရေးဆိုခွင့်ရှိသူ မာဂရက်ဟားရစ်က  သြဂုတ် ၁၆ ရက်မှာ ပြောပါတယ်။

ပြည်နယ်အတော်များများက ကာလဝမ်း၊ ဝက်သက်၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဦးနှောက် အမြှေးရောင်ရောဂါ အစီရင်ခံစာတွေကို ရရှိထားပြီး ဝမ်းရောဂါဖြစ်ပွားသူ ၁၁, ၃၂၇ ဦးနဲ့ သေဆုံးသူ ၃၁၆ ဦးရှိကြောင်း ဟားရစ်က မီဒီယာတွေမှာ ပြောခဲ့တာပါ။ 

အစီရင်ခံစာတွေ နှေးကွေးနေတာကြောင့် သတင်းရထားတာတွေထက် အရေအတွက် ပိုများလာမယ်လို့ မျှော်လင့်ထားပြီး ပဋိပက္ခကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီမှု အကန့်အသတ် ရှိနေတယ်လို့လည်း ဆိုပါတယ်။

မလုံခြုံမှုတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးဟာ တကယ်ကို အဟန့်အတားဖြစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုအပေါ်  တိုက်ခိုက်မှုတွေ အများကြီးရှိတယ်လို့ ပြောပါတယ်။

ဆေးဝါးပြတ်လပ်မှုနဲ့ ဆေးဝါးအထောက်အပံ့ ပြတ်လပ်မှု၊ ကျန်းမာရေးဝန်ထမ်း ပြတ်လပ်မှုနဲ့ ငွေကြေးမလုံလောက်မှုတို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကိုလည်း လစာမပေးနိုင်သေးပဲ စီမံခန့်ခွဲဖို့ ကြိုးစားကြည့်နေကြောင်းနဲ့ လစာမရရှိဘဲ ငွေသားပြတ်လပ်မှုကြောင့် ထောက်ပံ့ရေးပစ္စည်းတွေ မ၀ယ်နိုင်ကြပါဘူးလို့လည်း WHO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟားရစ်က ပြောပါတယ်။

ဆူဒန်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ကောင်စီက ချဒ်နဲ့ အဒ်ဒရီနယ်စပ်ဖြတ်ကျော်မှုကို ၃ လကြာ ခွင့်ပြုမယ်လို့ သြဂုတ် ၁၅ ရက်မှာ ပြောကြားခဲ့ပြီး ဒါဟာ အငတ်ဘေးကြုံနေရတဲ့ ဒါဖာဒေသရှိ နယ်မြေတွေဆီကို အကူအညီပစ္စည်းတွေ ပေးပို့ဖို့ အကူအညီပေးရေး အေဂျင်စီတွေက စောင့်ဆိုင်းနေတဲ့ လှုပ်ရှားမှုလည်းဖြစ်ပါတယ်။ 

ဆူဒန်ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ လယ်နီကင်န်ဇလီကတော့ သူ့အေဂျင်စီဟာ နယ်စပ်ပြန်ဖွင့်လှစ်ပေးတာကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013