ဆူဒန်နိုင်ငံ ဂီဘိုက်ထ်စစ်တပ်အခြေစိုက်စခန်းမှာ ဇူလိုင်က ဆူဒန် စစ်တပ်ခေါင်းဆောင် အဗ္ဗဒလ် ဖာတာအလ်ဘူရ်ဟန် တက်ရောက်ခဲ့တဲ့ ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပနေတုန်း ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပြီး လူ ၅ ဦး သေဆုံးသွားကာ စစ်တပ်ခေါင်းဆောင်ကတော့ တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့ပါတယ်။
ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်တပ်ဘွဲ့နှင်းသဘင် အခမ်းအနားလည်း ပျက်သွားခဲ့ပြီး နာရီအတော်ကြာချိန်မှာတော့ အသက်ဘေးမှ လွတ်မြောက်လာတဲ့ အလ်ဘူဟန်က ဆူဒန်စစ်တပ်ဟာ 'ဆုတ်ခွာခြင်း၊ လက်နက်ချခြင်း၊ သို့မဟုတ် သူပုန်တွေနဲ့ ညှိနှိုင်းခြင်း လုပ်မှာမဟုတ်ကြောင်း၊ ဘာဒရုန်းကိုမှ ကြောက်နေမှာလည်း မဟုတ်ဘူး လို့ ပြောပါတယ်။
ဒီဖြစ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ဆူဒန်ရဲ့ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) ဟာ ဒရုန်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီး RSF အဖွဲ့ခေါင်းဆောင်ရဲ့ အကြံပေးပုဂ္ဂိုလ်က အဲဒီတိုက်ခိုက်မှုအတွက် အရန်တပ်ဖွဲ့မှာ တာဝန်မရှိကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာက ညှိနှိုင်းမှုတွေလုပ်ဖို့ တောင်းဆိုနေပေမဲ့ အလ်ဘူဟန်က ဆွေးနွေးပွဲတိုင်းမှာ ဆူဒန်ပြည်သူတွေနဲ့ သူတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အသိအမှတ် ပြုရမယ်လို့ အခိုင်အမာ ပြောကြားပြီးတော့ စေ့စပ်ညှိနှိုင်းမှုတွေဟာ ဆူဒန်နိုင်ငံကို လေးစားပြီး အရင်ဆုံး သူ့ရဲ့ သဘောထားကို စဉ်းစားပေးရမယ်လို့လည်း အာမခံထားပါတယ်။
ဒရုန်းတိုက်ခိုက်မှုဟာ မကြာသေးမီလပိုင်းအတွင်း စစ်တပ် တည်နေရာတွေကို တိုက်ခိုက်မှုများစွာအတွင်း နောက်ဆုံးဖြစ်ရပ်ဖြစ်ပြီး ပို့ထ်ဆူဒန်နဲ့ အနီးဆုံးလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဆူဒန်နိုင်ငံ တောင်ပိုင်း ဝှိုက်နိုင်းပြည်နယ်ရှိ ကော့စ်တီ၊ ရာဘက်ခ်နဲ့ ကယ်နာနာမြို့တွေနဲ့ မြို့တော် မြောက်ဘက်ရှိ အလ်ဒါမာရ်မြို့တွေကို ဒရုန်းတိုက်ခိုက်မှုတွေ ကြုံခဲ့ရကြောင်း ဒေသခံတွေက ပြောကြပါတယ်။
Source-Reuters