၇၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားကို New Myanmar Foundation က ဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တနေရာမှာ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့မနက်က ကျင်းပပါတယ်။
အခမ်းအနားမှာ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ရုပ်ရှင်ပြပွဲတွေ လူ့အခွင့်အရေးပညာပေး ဟောပြောပွဲတွေကို ထည့်သွင်းပြုလုပ်ခဲ့ကြပါတယ်။
အခုလို လူ့အခွင့်အရေးပွဲတွေကို ကျင်းပနေချိန်မှာပဲ မြန်မာပြည်တွင်းမှာတော့ အာဏာသိမ်း စစ်ကောင်စီက ရွာတွေကို မီးရှို့တာ အရပ်သားပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်တာတွေ အပါအဝင် လူ့အခွင့်အရေးတွေ မျိုးစုံချိုးဖောက်နေပါတယ်။
အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီတပ်တွေက ပြည်သူ ၆၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂၀၀၀၀ ကျော်ကို ဖမ်းဆီးထားသလို အိမ်ခြေ ၁ သိန်းကျော်ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။