Home
နိုင်ငံတကာ
ထိုင်းတွင် နိုင်ငံတကာမှ လူပေါင်း ၁၄,၀၀၀ ကျော်ကို ငွေလိမ်သည့် ကျားဖြန့်ဂိုဏ်း ဖမ်းမိ 
DVB
·
June 18, 2025
Photo: CIBTHAILAND

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်မှာ နေထိုင်ပြီး ဩစတြေးလျနဲ့ နိုင်ငံတကာက လူပေါင်း ၁၄,၀၀၀ ကျော်ကို အွန်လိုင်းကနေ ငွေလိမ်နေတဲ့ နိုင်ငံတကာကျားဖြန့်ဂိုဏ်းကို ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံ ဗဟိုရဲတပ်ဖွဲ့  CIB က ဇွန် ၁၇ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

နိုင်ငံပေါင်းစုံက လူတွေကို အွန်လိုင်းကနေ ငွေလိမ်နေတဲ့ဂိုဏ်းဟာ ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင်နေကြောင်း ဩစတြေးလျ ရဲတပ်ဖွဲ့က မနှစ် ၂၀၂၄ နိုဝင်ဘာကတည်းက တိုင်ကြားထားတာကြောင့် CIB ရဲတပ်ဖွဲ့အနေနဲ့ လိုအပ်တဲ့ စုံစမ်းထောက်လှမ်းမှုတွေ လုပ်ခဲ့တယ်လို့ ဒုရဲချုပ် ကျီရဖုပ် ဖူရိဒေချ်  က ပြောပါတယ်။ 

စမွတ်ပရကန်ခရိုင် ဘန်ဖရီမြို့နယ်ရှိ လူကုံထံရပ်ကွက် နေအိမ်တလုံးမှာ နိုင်ငံခြားသားတွေ ဝင်ထွက်သွားလာနေတာ မသင်္ကာစရာတွေရှိတဲ့အတွက် ရဲတွေက အဲဒီအိမ်ကို စောင့်ကြည့်နေခဲ့တယ်။ ထူးခြားချက်မှာ နိုင်ငံခြားသားအချို့ဟာ အဲဒီအိမ်ကို နေ့စဉ် မနက် ၆ နာရီဝင်ပြီး ညနေ ၃ နာရီ ပုံမှန်ပြန်ထွက်တယ်၊ လူတွေ အိမ်ထဲဝင်သွားတာနဲ့ အတွင်းပိုင်းကို မမြင်ရအောင် အနက်ရောင် ကန့်လန့်ကာ ချထားတယ်။ သူတို့ ဝင်ထွက်ချိန်ဟာ ဩစတြေးလျနိုင်ငံရဲ့ အလုပ်ချိန် မနက် ၉ နာရီမှ ၆ နာရီတွင်းဖြစ်တယ်။ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ကတော့  နယ်မြေခံရဲတပ်ဖွဲ့၊ လဝကရဲ၊ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စီးနင်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

အိမ်ထဲမှာ ရုံးခန်းလို ဖွဲ့စည်းထားပြီး အလုပ်စားပွဲ၊ ကွန်ပျူတာ၊ ပရင်တာတွေ စနစ်တကျ တည်ရှိပြီး နံရံပေါ်မှာလည်း နိုင်ငံတကာစံတော်ချိန်ပြ နာရီတွေ ချိတ်ဆွဲထားတယ်၊ လက်ကိုင်ဖုန်းတွေ၊ အင်တာနက်ကြိုးတွေ အစုံရှိပြီး LINE ထဲမှာ သားကောင်ကို လိမ်လည်ပြောဆိုနေတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ 

အဆိုပါ နေအိမ်ကနေ အင်္ဂလန်နိုင်ငံသား ၆ ဦး၊ ဩစတြေးလျနိုင်ငံသား ၅ ဦး၊ ကနေဒါ ၁ ဦး၊ တောင်အာဖရိက ၁ ဦး စုစုပေါင်း ၁၃ ဦးတို့ကို ဖမ်းဆီးရမိပြီး ၂ ဦးမှာ အဓိကညွှန်ကြားတဲ့ ခေါင်းဆောင်လို့ ဆိုပါတယ်။ 

သူတို့တွေဟာ ဩစတြေးလျမှာ နေစဉ် လူပေါင်း ၁၄,၀၀၀ ကျော်ထံမှ ဩစတြေးလျငွေ ၂ သန်းကျော် (ထိုင်းဘတ်ငွေ ၄၂ သန်း) ခန့် လိမ်လည်ထားတယ်လို့ ဩစတြေးလျနိုင်ငံ ရဲတပ်ဖွဲ့က အကြောင်းကြာထားတယ်လို့  ဆိုပါတယ်။ 

သူတို့အားလုံးကို ထိုင်းဗဟိုရဲတပ်ဖွဲ့ကနေ ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေအရ ပူးပေါင်းလိမ်လည်မှု၊ ကွန်ပျူတာဥပဒေ၊ ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်မှုတွေနဲ့ အရင်ဆုံး အရေးယူပြီး နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ကာ နေရင်းနိုင်ငံအသီးသီး ပြန်ပို့မယ်၊ မိခင်နိုင်ငံရဲ့ တရားဥပဒေကပေးတဲ့ ပြစ်ဒဏ်ထပ်မံခံယူရမယ်လို့  ထိုင်း CIB ရဲတပ်ဖွဲ့ ပြောခွင့်ရ  ဒုရဲချုပ် ကျီရဖုပ် ဖူရိဒေချ်  က ပြောသွားပါတယ်။ 

Source : ThaiPBS News / CIBTHAILAND

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013