Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်၌ ဂက်စ်အိုးထဲ စိတ်ကြွမူးယစ်ဆေးပြား ၂ သိန်းခန့် သယ်လာသူ ဖမ်းဆီးခံရ 
DVB
·
June 16, 2025
Photo: Chiang Mai New

ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ်ဘက်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို ဝင်ရောက်လာတဲ့ ကားတစီးရဲ့  ဂက်စ်အိုးထဲကနေ စိတ်ကြွမူးယစ်ဆေးပြား  ၂ သိန်းနီးပါး ဖမ်းဆီးရမိ တယ်လို့  Chiang Mai News သတင်းမှာ ဖော်ပြပါတယ်။

ဇွန် ၁၄ ရက်ညက အနက်ရောင် တိုယိုတာဝီအွတ်စ် အိမ်စီးကားတစီးဟာ ထိုင်းမြောက်ပိုင်း လမ်းပန်းခရိုင် ထိန်းမြို့နယ်ဘက်ကနေ မဲ့ဖရိတ်မြို့နယ်ထဲကို ပုံမှန်လမ်းကြောင်းက မဟုတ်ဘဲ စစ်ဆေးရေးဂိတ်မရှိတဲ့ မြို့ရှောင်လမ်းတွေဘက် လှည့်ပတ်မောင်းလာတယ်၊ တာဝန်ရှိသူတွေက မသင်္ကာလို့ လိုက်လာတာမှာ အနောက်က ကားမလိုက်နိုင်အောင် တိမ်းရှောင်မောင်းနှင်သွားတယ်လို့ လမ်းပန်းခရိုင် အဝေးပြေးလမ်းရဲတပ်ဖွဲ့ က ပြောပါတယ်။

ဒါကြောင့်  စစ်ဆေးရေးဂိတ်တွေကို ကြိုတင်အကြောင်းကြားလိုက်တယ်၊ ည ၈ နာရီ မိနစ် ၅၀ လောက်မှာ အဆိုပါကားဟာ မဲ့ဖရိတ် စစ်ဆေးရေးဂိတ်နားရောက်လာကာ ကားပေါ်မှာ အမျိုးသမီး ၂ ယောက် လိုက်ပါလာပြီး မျက်နှာအရိပ်အကဲ မူမမှန်တဲ့အတွက် တာဝန်ရှိသူတွေက အဲဒီကားကို X-Ray  ဓာတ်မှန်ရိုက်တဲ့ စက်အောက် ဖြတ်မောင်းစေခဲ့ပါတယ်။

အဲဒီခါမှာ ကားနောက်ခန်း LPG ဂက်စ်အိုးထဲကနေ လေးထောင့်တုံးလို ပုံရိပ်တွေ တွေ့ရတယ်၊ ဒါကြောင့် ဂက်စ်အိုးကို ဖွင့်ဖောက်ကြည့်ရာမှာတော့ အနက်ရောင်လေးထောင့်အထုပ် ၁၀ ထုပ် တွေ့ပြီး အထဲမှာ WY တံဆိပ် စိတ်ကြွဆေးပြားတွေ ထည့်ထားတဲ့ အပြာရောင် ပလတ်စတစ် အိတ်အစီး  ၉၉ စီး၊ စိတ်ကြွဆေးပြား စုစုပေါင်း ၁၉၈,၀၀၀ ပြားကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။

အဆိုပါအမျိုးသမီး ၂ ယောက်ဟာ  ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်မှာ နေထိုင်ပြီး အဲဒီမူးယစ်ဆေးဝါးတွေကို နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို အခကြေးငွေ ဘတ် ၅၀,၀၀၀ နဲ့ အငှားသယ်ဆောင်လာတာဖြစ်ကြောင်း ဖွင့်ဟဝန်ခံသွားပါတယ်။

တာဝန်ရှိသူတွေက သူတို့ရဲ့ တယ်လီဖုန်းနဲ့ ကားကိုပါ သိမ်းဆည်းလိုက်ပြီး မူးယစ်မှုနဲ့ အရေးယူသွားမှာ ဖြစ်သလို ကွင်းဆက်ကိုလည်း ထပ်မံစုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။ 

Source: Chiang Mai New

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013