Home
နိုင်ငံတကာ
ထိုင်းတွင် တပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၇၆,၀၀၀ ကျော်၊ သေဆုံးသူ ၄၀ ကျော်ရှိ 
DVB
·
June 16, 2025
Photo: Panumas Sanguanwong/Reuters

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းတပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၆,၀၀၀ ကျော်ထိ စံချိန်တင် မြင့်တက်ခဲ့သလို သေဆုံးသူအရေအတွက် အယောက် ၄၀ ထိ ရှိခဲ့ကြောင်း The Nation Thailand သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်ကနေ ၁၄ ရက်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေတွေကို ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန (DDC) က ထုတ်ပြန်လိုက်တာဖြစ်ကာ မြို့တော် ဘန်ကောက်က ရောဂါကူးစက်မှုအများဆုံးဖြစ်ပြီး သက်ကြီးရွယ်အိုတွေက ထိခိုက်လွယ်ဆုံး အသက်အုပ်စုမှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါ တကျော့ပြန်ကူးစက်မှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက စတင်ရေတွက်ရင်တော့ ထိုင်းနိုင်ငံတဝန်း ရောဂါကူးစက်ခံရသူဦး‌ရေဟာ ၄၇၀,၀၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့လည်း ဆိုပါတယ်။

အခုလတ်တလော ပြီးခဲ့တဲ့ သီတင်းတပတ်အတွင်း ရောဂါကူးစက်ခံရသူ ၇၆,၀၀၀ ကျော်ထဲမှာတော့ ဆေးရုံ တက်ရောက်ကုသမှုခံယူနေသူ အရေအတွက်က ၇၂,၀၀၀ ကျော်ရှိနေပြီး ကျန် ၄,၀၀၀ နီးပါးကတော့ အပြင်လူနာအနေနဲ့ ကုသမှု ခံယူနေကြပါတယ်။

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန (DDC) ရဲ့ အဆိုအရ တကျော့ပြန် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ပြီးခဲ့တဲ့ တပတ်တာအတွင်း သေဆုံးသူအယောက် ၄၀ ရှိခဲ့ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက စတင်ရေတွက်ရင်တော့ ထိုင်းနိုင်ငံတဝန်း သေဆုံးသူ ဦး‌ရေဟာ ၁၅၄  ယောက်အထိ ရှိလာခဲ့ပြီလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းတပတ်အတွင်း ထိုင်းနိုင်ငံတဝန်း ရောဂါကူးစက်မှုအများဆုံး ဒေသတွေကတော့ ဘန်ကောက်မှာ ၁၈,၀၀၀ နီးပါးနဲ့ အမြင့်ဆုံးဖြစ်ပြီး သူ့နောက်မှာတော့ ချွန်ဘူရီ၊ နခွန်ရတ်ချ်စီမာ၊  ချင်းမိုင်နဲ့ လယောင်းတို့က အသီးသီး ရှိနေတာပါ။

ရောဂါကူးစက်ခံရမှု အမြင့်မားဆုံး အသက်အရွယ်အုပ်စုအနေနဲ့ အသက် ၆၀ နဲ့အထက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေဟာ ၁၄,၇၀၀ ကျော်နဲ့ အများဆုံးဖြစ်နေပြီး သူ့နောက်မှာတော့ အသက် ၃၀ ကနေ ၃၉ နှစ်ကြား အသက်အုပ်စုက ၁၄,၀၀၀ ကျော် ကူးစက်ခံရသလို အသက် ၂၀ ကနေ ၂၉ နှစ်ကြား အသက်အုပ်စု ကူးစက်ခံရမှုက ၁၃,၀၀၀ ကျော်နဲ့ အသီးသီး ရှိနေတယ်လို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန (DDC) က ပြောပါတယ်။

Source: The Nation Thailand

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013