Home
နိုင်ငံတကာ
ထိုင်းဘက်က ခြံထွက်သီးနှံများ ကမ္ဘောဒီးယားနိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခံရ 
DVB
·
June 17, 2025
Photo :Khaosod

ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံနယ်မြေအငြင်းပွါးမှုကြောင့် ထိုင်းဘက်က ကမ္ဘောဒီးယား နယ်စပ်တချို့ကို ပိတ်ထားရာမှာ ကမ္ဘောဒီးယားနိုင်ငံအကြီးအကဲ ဟွန်ဆန်က ၂၄ နာရီ အတွင်း ပိတ်ထားတဲ့ ဂိတ်တွေ ပုံမှန်အတိုင်းပြန်မဖွင့်ပါက ကမ္ဘောဒီးယားဘက်ကလည်း ဂိတ် တွေအားလုံးပိတ်မယ့်အပြင်  ထိုင်းဘက်က ခြံထွက်သီးနှံတွေ အဝင်မခံတော့ဘူးလို့  ဇွန် ၁၆ က  သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။

ဇွန် ၁၇ ရက်မနက်မှာတော့  ထိုင်းနိုင်ငံတလတ်ခရိုင် ခလောင်းယိုင်မြို့နယ် ဟတ်လိတ်နယ်စပ်ဂိတ်မှာ ထိုင်းဘက်ခြမ်းက တင်သွင်းမယ့် ခြံထွက်သီးနှံတွေ လုံးဝအဝင်မခံတော့ဘူးလို့  နယ်မြေထဲ ကိုယ်တိုင်သတင်းသွားယူနေတဲ့  One New သတင်းထောက်က ပြောပါတယ်။

ထိုင်းဘက်က ကုန်တင်ကားအစီးပေါင်း ၃၀ ကျော်ဟာ ကမ္ဘောဒီးယားနိုင်ငံ ကော်ကုန်းခရိုင် ဘက်ကို ဝင်ရောက်ဖို့ စောင့်ဆိုင်းနေကြပေမဲ့ ပင်လယ်စာနဲ့ တခြားကုန်ပစ္စည်းတွေသာ ဝင်ခွင့်ရပြီး  ပျက်စီးလွယ်တဲ့ ခြံထွက်ဟင်းသီးဟင်းရွက်တွေတော့ အဝင်မခံဘဲ လှည့်ပြန်လာခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ ကျန်ထပူရီခရိုင် ဘန့်ဖတ်ကတ်နယ်စပ်ဂိတ်မှာလည်း ထိုင်းဘက်က သီးနှံတွေကို ကမ္ဘောဒီးယားဘက်ဝင်ခွင့်မပြုဘူးလို့  ကမ္ဘောဒီးယားဘက် ထိုင်းလဝက ရဲကို အကြောင်းကြားထားပါတယ်။

Khmar Times သတင်းမှာလည်း  ကမ္ဘောဒီးယားနိုင်ငံအတိုင်ပင်ခံ‌ကောင်စီဥက္ကဋ္ဌ ဟွန်ဆန် ပြောကြားခဲ့တဲ့အတိုင်း   ၂၄ နာရီအတွင်း ထိုင်းဘက်က နယ်စပ်ဂိတ်ပုံမှန်  မနက် ၆ နာရီ မှ ည ၁၀ နာရီထိ ပြန်မဖွင့်တဲ့အတွက် ထိုင်းဘက်က ခြံထွက်သီးနှံတွေကို ဇွန် ၁၇ မှ စတင်ပိတ်ပင်လိုက် ကြောင်း ဖော်ပြပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဂိတ်အားလုံးနဲ့ ကုန်ပစ္စည်းအားလုံး ပိတ်ပင်ဖို့ အရှိန်မြှင့်သွားမယ်လို့  ဆိုပါတယ်။

ကမ္ဘောဒီးယားဘက်က သီးနှံအဝင်မခံတာကြောင့်  ခြံထွက်ဒူးရင်းသီးတွေ အမှည့်လွန်ကုန် တာရှိတယ်။ တဘက်နိုင်ငံ ကုန်သည်က လာမဝယ်တာကြောင့်  မူလက ဒူးရင်းသီး တကီလိုကို ထိုင်းဘတ် ၁၄၀ မှ ၁၆၀ ထိ ရောင်းရတာမှာ အခုတော့ ဘတ် ၉၀ မှ ၆၀ ထိသာရောင်းရတယ် ၊ နယ်စပ်မှာ ရောင်းမရတော့ ထိုင်းနိုင်ငံအတွင်းပိုင်းဘက် ပြန်သွင်းမယ်လို့ ကျန်ထပူရီခရိုင် ပုန်နမ့်ရွန့်နယ်စပ်နေ  ဒူးရင်းခြံရှင်က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်ကတော့  နယ်စပ်ဂိတ်အဝင်အထွက် ကန့်သတ်ရတဲ့ အကြောင်းရင်းမှာ ကမ္ဘောဒီးယားဘက်က စစ်တပ်အင်အား လက်နက်အင်အား အသင့်ပြင်ထားတာ ကြောင့် မလိုလားအပ်တဲ့ ပစ်ခတ်မှုတွေ ကာကွယ်တဲ့အနေနဲ့ ပိတ်ရတာလို့  မနေ့ ဇွန် ၁၆ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းဘက်က ဂိတ်တွေကို လုံးဝပိတ်ချလိုက်တာတော့မဟုတ်ဘဲ မူလ မနက် ၆ နာရီမှ ည ၁၀ နာရီထိ ဖွင့်ထားရာကနေ နယ်စပ်အငြင်းပွါးမှုဖြစ်တဲ့နောက် ဂိတ်ဖွင့်ချိန်ကို မနက် ၈ နာရီ မှ ညနေ ၄ နာရီထိ သတ်မှတ်လိုက်ပြီး ဝင်ထွက်ခွင့်ရသူတွေကိုလည်း ကန့်သတ်ထားတာပါ။

အထူးသဖြင့် ထိုင်းဘက်ကို ကျောင်းလာတက်တဲ့ကလေးတွေ၊ အလုပ်သမားတွေ၊ ဆေးလာကုသူတွေကို ဝင်ထွက်ခွင့် ပြုပေမဲ့ တဘက်နိုင်ငံကို ကာစီနိုသွားကစားမယ့်သူတွေကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်မှာတော့ ကမ္ဘောဒီးယားနိုင်ငံ၊ ဘွိုင်းပက်မြို့ရှိ ကာစီနိုနဲ့ ကေတီဗွီရုံတွေမှာ အလုပ်သွားလုပ်မယ့် ထိုင်းဘက်က အလုပ်သမားတွေကို ထိုင်းဘက်ခြမ်းက လုံးဝ ထွက်ခွာသွားခွင့်မပြုတော့ပါဘူး။  ထိုင်းဘက်က ကြိုတင်အကြောင်းမကြားဘဲ ရုတ်တရက်ပိတ်လိုက် တာကြောင့် လာရောက်စောင့်ဆိုင်းနေတဲ့ ခရီးသွားတွေ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ 

ဘွိုင်းပက်မြို့မှာ ကာစီနို လောင်းကစားရုံ၊ ကေတီဗွီရုံတွေနဲ့ စည်ကားတဲ့မြို့တမြို့ဖြစ်ပြီး ထိုင်းအာဏာပိုင်ဘက်က ကျားဖြန့်အွန်လိုင်းလိမ်လည်ဂိုဏ်းနှိမ်နင်းတဲ့အနေနဲ့  လျှပ်စစ်မီးနဲ့  အင်တာ နက်လိုင်း ဖြတ်ထားသလို ထိုင်းဘက်ကနေ ကာစီနိုသွားကစားမယ့် နိုင်ငံခြားသားနဲ့ ထိုင်းသူဌေးတွေ ကို ပိတ်ပင်ထားတာကြောင့် ဘွိုင်းပက်မြို့ကြီး ခြောက်ကပ်နေပါတယ်။ အဲဒီက စီးပွါး‌ရေးဇုန်လည်း ခြောက်ကပ်သွားတာကြောင့် ကမ္ဘောဒီးယားစီးပွါးရေးကို တစိပ်တပိုင်းထိခိုက်တယ်လို့  MCOT သ တင်းမှာ ဖော်ပြပါတယ်။ 

Source :  Khaosod / One News / MCOT / ThaiPBS 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013