Home
မြန်မာသတင်း
ဆီစက်လုပ်ငန်းများကို ကျပ် သိန်း ၁၀၀ မှ သိန်း ၅,၀၀၀ အထိ ချေးငွေထုတ်ပေးမည်
DVB
·
May 21, 2025

ပြည်ပကနေ စားဆီတင်သွင်းမှု လျှော့ချဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီက ငွေကြေးအရင်းအနှီး လိုအပ်နေတဲ့ ဆီစက်လုပ်ငန်းတွေကို ချေးငွေထုတ်ချေးမယ်လို့ ထပ်မံ ကြေညာပါတယ်။

နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေကနေ တနှစ် အတိုးနှုန်း ၅ ရာခိုင်နှုန်း သတ်မှတ်ပြီး ဆီစက်လုပ်ငန်းတွေ လုပ်ငန်းလည်ပတ်ဖို့နဲ့ လုပ်ငန်းတိုးချဲ့နိုင်ဖို့အတွက် ချေးငွေ ထုတ်ချေးပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လုပ်ငန်းလည်ပတ်ဖို့အတွက် ချေးငွေကို အနည်းဆုံး ကျပ်သိန်း ၁၀၀ ကနေ အများဆုံး ကျပ်သိန်း ၅,၀၀၀ အထိ ထုတ်ချေးပေးမှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့ဖို့အတွက် မတည်ရင်းနှီးငွေကို အနည်းဆုံး ကျပ်သိန်း ၂၀၀ ကနေ အများဆုံး ကျပ်သိန်း ၅,၀၀၀ အထိ ချေးငွေပမာဏ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ကျပ်သိန်း ၅,၀၀၀ အထက် ချေးငွေရယူလိုတဲ့ ဆီစက်လုပ်ငန်းရှင်တွေကိုလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်ကို တိုက်ရိုက်တင်ပြ လျှောက်ထားနိုင်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

အဆိုပါချေးငွေကို ဆီစက်လုပ်ငန်းတွေမှာ အဆင့်မီ စက်ပစ္စည်းတွေ တိုးချဲ့ တပ်ဆင်တာ၊ ခေတ်မီဆီစက်အသစ်တွေ တိုးချဲ့တည်‌ဆောက်တာနဲ့ လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်တွေအတွက် သုံးစွဲနိုင်မှာဖြစ်ပြီး ချေးငွေသက်တမ်းကိုတော့ လုပ်ငန်းသုံး လည်ပတ်ရင်းနှီးငွေအတွက် ချေးငွေသက်တမ်း ၁ နှစ်၊ မတည်ရင်းနှီးငွေအတွက် ချေးငွေသက်တမ်း ၃ နှစ် သတ်မှတ်ထားပါတယ်။

ချေးငွေရယူလိုတဲ့ ဆီစက်လုပ်ငန်းတွေ အနေနဲ့ လက်ရှိ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေတဲ့ ဆီစက်ဖြစ်ဖို့လိုပြီး သက်တမ်းရှိတဲ့ လုပ်ငန်းလိုင်စင် ရရှိထားရမှာ ဖြစ်ပါတယ်။

အမည်ပေါက်ပိုင်ဆိုင်တဲ့ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းနဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ကို အာမခံပစ္စည်းအနေနဲ့ တင်သွင်းနိုင်ရမှာဖြစ်ပြီး ဘဏ်ချေး‌ငွေရရှိထားပြီး ဖြစ်ပါက သီးခြားအာမခံ တင်သွင်းနိုင်ရမှာ ဖြစ်ပါတယ်။

အဆိုပါချေးငွေကို FDA လက်မှတ်၊ အသေးစားစက်မှု မှတ်ပုံတင်လက်မှတ် ရှိသူတွေနဲ့ ဆီစက်အသင်းဝင်တွေကို ဦးစားပေး ချေးပေးသွားမှာဖြစ်တယ်လို့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီက ပြည်ပကနေ စားသုံးဆီတင်သွင်းမှု လျော့ကျနိုင်ဖို့အတွက် ပြည်တွင်းမှာ အဆင့်မီဆီစက်တွေ လိုအပ်တာကြောင့် အဆိုပါ ဆီစက်လုပ်ငန်းတွေ ဖွံ့ဖြိုးရေးချေးငွေကို အကောင်အထည် ဖော်နေတာလို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဆီစက်လုပ်ငန်းအချို့ကတော့ လျှပ်စစ်မီး အခက်အခဲကြောင့် လုပ်ငန်းပုံမှန်လည်ပတ်နိုင်ဖို့ ခက်ခဲနေတယ်လို့ ဆိုကြပါတယ်။

စားသောက်ကုန်လုပ်ငန်း‌တွေနဲ့ စက်မှုကုန်ကြမ်းလုပ်ငန်းတွေရဲ့ သုံးစွဲမှု‌ အပါ မြန်မာနိုင်ငံရဲ့ နှစ်စဉ် စားဆီလိုအပ်ချက်က တန်ချိန် ၁ သန်းကျော် ရှိ‌ပေမဲ့ ပြည်တွင်းထုတ်လုပ်မှုက တန်ချိန် ၃ သိန်းဝန်းကျင်သာ ရှိတာကြောင့် နှစ်စဉ် ပြည်ပကနေ တန်ချိန် ၈ သိန်းခန့်အထိ တင်သွင်းနေရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013