Home
နိုင်ငံတကာ
သမ္မတထရမ့်ပ်၏ အစိုးရထောက်ပံ့ကြေးနှင့် ချေးငွေရပ်ဆိုင်းမှုအမိန့်ကို တရားရုံး ဆိုင်းငံ့
DVB
·
January 29, 2025
Photo-Reuters

အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ ပြည်ထောင်စုအစိုးရ ထောက်ပံ့ကြေး (ဂရန့်) နဲ့ ချေးငွေတွေ ယာယီရပ်ဆိုင်းမယ့် အမိန့်ကို အမေရိကန်တရားသူကြီးတယောက်က ဆိုင်းငံ့လိုက်ပါတယ်။

ထောက်ပံကြေးရပ်ဆိုင်းမှု စတင်အသက်ဝင်တော့မယ့် မိနစ်ပိုင်းအလို ဇန်နဝါရ် ၂၈ ရက်မှာ  တရားသူကြီးက ဆိုင်းငံ့ပစ်ခဲ့တာ ဖြစ်ပါတယ်။

ကိုလံဘီယာ ခရိုင်တရားသူကြီး လိုရင်း အလီခန်း ချမှတ်လိုက်တဲ့ ယာယီပိတ်ပင်မိန့်ဟာ နောက်တပတ် တနင်္လာနေ့ ညနေအထိ သက်ရောက်မှာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ထောက်ပံ့ကြေး(ဂရန့်) ရရှိသူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေက လျှောက်ထားတဲ့ တရားစွဲဆိုမှုကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမိန့်စတင်မသက်ဝင်မီမှာ ဘယ်အေဂျင်စီတွေ၊ ဘယ်ပရိုဂရမ်တွေ သက်ရောက်တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုတွေ ရှိခဲ့ပါတယ်။

ပြည်ထောင်စုဘဏ္ဍာရေးအကူအညီ တာဝန်အားလုံး၊ ဖြန့်ဖြူးမှုအားလုံးနဲ့ ဆက်စပ်တဲ့ လုပ်ဆောင်ချက်အားလုံး ယာယီရပ်ဆိုင်းရမယ်လို့  အိမ်ဖြူတော် ဘတ်ဂျက်ရုံး အကြီးအကဲက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရ ကယ်ရိုလိုင်း လီဗစ်က ဒီရပ်ဆိုင်းမှုဟာ အခွန်ထမ်းပြည်သူတွေရဲ့ငွေကို စနစ်တကျသုံးစွဲဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီလိုရပ်ဆိုင်းတာဟာ နိုးထမှု “Woke” အစီအစဉ်တွေဖြစ်တဲ့ ဂျန်ဒါကိစ္စတွေ၊ မတူကွဲပြားမှု အစီအစဉ်တွေအတွက် အသုံးစရိတ်တွေကို ဖြတ်ချဖို့ပဲဖြစ်တယ်လို့ လီဗစ်က ပြောပါတယ်။

ဒါပေမဲ့ ဒီအမိန့်က ကင်ဆာသုတေသနနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အပါအဝင် ပြည်ထောင်စုအစီအစဉ်တွေအတွက် ဒေါ်လာဘီလီယံချီပြီး သက်ရောက်မှုရှိနိုင်ပါတယ်။

ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တွေက ဒီအစီအစဉ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ထုတ်ဖော်ခဲ့ကြပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။

ဒါပေမဲ့ လူမှုဖူလုံရေးခံစားခွင့်တွေ၊ ဝင်ငွေနည်းပြည်သူတွေအတွက် ကျန်းမာရေးအထောက်အပံ့ Medicaid  နဲ့ အစားအသောက်ထောက်ပံ့ရေး အစီအစဉ်တွေကိုတော့ ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော်က အတည်ပြုပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013