Home
မြန်မာသတင်း
ဟင်္သာတထောင်တွင် ထောင်ဝင်စာ ပါဆယ်ပစ္စည်းပေးခွင့်ရရန် ငွေသိန်းချီပေးနေရ
DVB
·
May 8, 2025

ဧရာဝတီတိုင်း၊ ဟင်္သာတအကျဉ်းထောင်မှာ ထောင်ဝင်စာတွေ့ခွင့်ရဖို့နဲ့ ပါဆယ်ပစ္စည်းပေးခွင့်ရဖို့ အတွက် ငွေသိန်းချီပေးမှ ထောင်အာဏာပိုင်တွေက လက်ခံတယ်လို့ ဟင်္သာတအကျဉ်းထောင်နဲ့ နီးစပ်သူတွေ၊ အကျဉ်းသားမိသားစုဝင်တွေဆီက သိရပါတယ်။

ဟင်္သာတအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေဖြစ်တဲ့ သန့်ဇော်ဝင်း၊ အောင်ကျော်မင်းတို့က ထောင်ဝင်စာလာတွေ့သူနဲ့ ထောင်ဝင်စာပါဆယ်ပစ္စည်း ပေးဖို့လာတဲ့ အကျဉ်းသား မိသားစုတွေဆီကနေ အနည်းဆုံး ကျပ် ၁ သိန်းအထိ တောင်းယူလက်ခံပြီးမှ ထောင်ဝင်စာတွေ့ခွင့်ရသလို ထောင်ဝင်စာ ပါဆယ်ပစ္စည်း လက်ခံတယ်လို့ ဆိုပါတယ်။

ဟင်္သာတမြို့နယ်မှ အကျဉ်းသားမိသားဝင်တယောက်က “ငွေမပေးရင် အဆင်ပြေပြေကို လုပ်မပေးတာ။ ထောင်ဝင်စာတွေ့ရမယ့် ရက်ချိန်းတွေပါ ပြောင်းတာ။ ပိုက်ဆံပေးနိုင်တဲ့သူဆိုရင် အချိန်မရွေး တွေ့ခွင့်ပေးနေတာ။ ထောင်ပိုင်ကြီး ကိုယ်တိုင် လုပ်စားနေတာ။ ငွေယူတာကတော့ လက်ထောက်ထောင်မှူးပေါ့။ အနည်းဆုံး ကျပ်ငွေ ၁ သိန်း တောင်းတာ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေက ငွေကျပ် ၂ သိန်းကနေ ကျပ် ၅ သိန်းအထိ ပေးနိုင်တဲ့သူတွေအဖို့ ထောင်ဝင်စာပို့လို့မရတဲ့နေ့ပါ တွေ့ခွင့်ပေးထားပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက်လည်း တွေ့လို့ရတဲ့အထိ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

ဟင်္သာတအကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “ဟင်္သာတအကျဉ်းထောင် ဝန်ထမ်းတွေက အကျင့်တော်တော်ပျက်တာ။ လောင်းကစားကိစ္စနဲ့ ထောင်ကျနေတဲ့သူတွေဆိုရင် အနောက်က ငွေလည်းပေးနိုင်တော့ အချိန်မရွေး တွေ့ခွင့်ပေးထားပြီး လူဦးရေကန့်သတ်တာလည်း မရှိဘဲ တွေ့နေကြတယ်။ စစ်ကောင်စီလက်ထက်မှာ ငွေရှိရင် ဘာလုပ်လုပ် အဆင်ပြေတယ်” လို့ ပြောပါတယ်။

ဟင်္သာတအကျဉ်းထောင်မှာ ထောင်ဝင်စာပါဆယ်ပစ္စည်း လာပို့သူတွေကိုလည်း တယောက်သာလာဖို့၊ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) တွေ၊ သန်းခေါင်စာရင်းတွေ၊ စမတ်ကတ်တွေ ယူလာဖို့၊ ရဲစခန်းထောက်ခံစာတွေပါ ယူလာဖို့အထိ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းအများစုဟာ အဂတိလိုက်စားမှုတွေကို အရင်ကထက် ပိုမိုလုပ်ဆောင်နေတာဖြစ်ပြီး အကျဉ်းထောင်တွေမှာ လာဘ်စားမှုတွေအပြင် ဖိနှိပ်မှုတွေ၊ အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုတွေလည်း အများအပြား ရှိနေတယ်လို့ အကျဉ်းသားမိသားစုတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013