ဧရာဝတီတိုင်း၊ ဟင်္သာတအကျဉ်းထောင်က တာဝန်ရှိသူတွေဟာ အကျဉ်းသားတွေဆီကနေ ထောင်ဝင်စာတွေ့ခွင့် အပါအဝင် နည်းမျိုးစုံနဲ့ငွေတောင်းယူနေပြီး မပေးရင်တွေ့ခွင်မရသလို အကျဉ်းသားတွေကို ရိုက်နှက်တာတွေလည်းရှိတယ်လို့ ဟင်္သာတအကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဟင်္သာတ အကျဉ်းထောင်က အကျဉ်းထောင်တာဝန်ရှိသူတွေဖြစ်တဲ့ ထောင်ပိုင် သန့်ဇော်ဝင်း၊ အမျိုးသမီးထောင် ဝန်ထမ်း ခင်အိတုံ၊ တပွင့် အောင်ကျော်မင်းတို့က အကျဉ်းသားတွေဆီကနေ ထောင်ဝင်စာတွေ့ခွင့် အပါအဝင် နည်းမျိုးစုံနဲ့ ငွေတောင်းယူနေတာလို့ ဆိုပါတယ်။
ဟင်္သာတ အကျဉ်းထောင်နီးစပ်သူတယောက်က “ငွေပေးမှ ထောင်ဝင်စာတွေ့ခွင့်ရတာ။ တခါတွေ့ရဖို့ ၃ သိန်း၊ ၄ သိန်းပေးရတာ။ တောင်းတဲ့ငွေအတိုင်းမပေးနိုင်ရင် တပွင့်နဲ့ အောင်ကျော်မင်းက ပါးရိုက်ခြေထောက်နဲ့ ကန်တာတွေလုပ်တယ်။ သူတို့ ၃ ယောက်ပေါင်းပြီး ဒီလိုတွေလုပ်နေကြာလှပြီ။ ဝန်ထမ်းတွေအကုန်သိတယ်။ အရက်မူးလာရင် အောင်ကျော်မင်းက ပိုဆိုးတယ်” လို့ ပြောပါတယ်။
ဟင်္သာတအကျဉ်းထောင်မှာ ထောင်ပိုင်သန့်ဇော်ဝင်းနဲ့ ထောင်ဝန်ထမ်း ခင်အိတုံတို့က အကျဉ်းထောင်မှာ ကွမ်းယာရောင်းချနေတာဖြစ်ပြီး သူတို့ရောင်းချတဲ့ အကျဉ်းသားတွေက ကွမ်းယာဝယ်မစားရင် ပြဿနာရှာ ဆဲဆို၊ ကြိမ်းမောင်း ရိုက်နှက်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူ တွေဆီကနေ သိရပါတယ်။
အကျဉ်းသားတွေနဲ့ နီးစပ်သူတယောက်က “ဟင်္သာတအကျဉ်းထောင်လောက်ဆိုးမယ့် အကျဉ်းထောင် ရှိပါ့မလားလို့ ထင်ရတယ်။ အကျဉ်းထောင် ဝန်ထမ်း ၄ ယောက်၊ ၅ ယောက်လောက်က အကျဉ်းသားတွေကို လူလိုမဆက်ဆံဘူး အရမ်းရိုက်တယ်။ သူတို့က မူးလာတဲ့အခါပိုဆိုးတယ်။ အဆိုးဆုံးက သန့်ဇော်ဝင်းပဲ” ပြောပါတယ်။
အဲဒီ အကျဉ်းထောင် အာဏာပိုင်တွေက အကျဉ်းသားတွေကို ရိုက်နှက်ငွေတောင်းနေတဲ့အပြင် အကျဉ်းသားတွေအတွက် မိသားစုတွေကပေးတဲ့ ထောင်ဝင်စာပါဆယ် ပစ္စည်းတွေကိုလည်း ခွဲယူသုံးစွဲနေတယ်လို့သိရပါတယ်။
ဒါ့အပြင် ထောင်ထဲမှာ အစားအသောက်တွေကျွေးရာမှာလည်း အထက်လူကြီးလာတဲ့ ရက်တွေလောက်ပဲ အဆင်ပြေပြေကျွေးပြီး ပုံမှန်ရက်တွေမှာ ငါးပြုတ်နဲ့ ငံပြာရည်ထမင်းပဲ ကျွေးတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။