ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေအတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့အပြင် ထောင်အာဏာပိုင်တွေက ဆေးဝါးပို့ခွင့်ကိုပါ ကန့်သတ်ထားတယ်လို့ မြောင်းမြ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မြောင်းမြအကျဉ်းထောင်မှာ နာတာရှည်ဝေဒနာသည် အကျဉ်းသားတွေအပါအဝင် နာမကျန်းဖြစ်နေတဲ့ အကျဉ်းသား အယောက် ၅၀ ထက်မနည်းရှိပြီး စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက လုံလောက်တဲ့ကျန်းမာရေး စောင့်ရှောက်မပေးတဲ့အပြင် အကျဉ်းသား မိသားစုတွေက အကျဉ်းထောင်ကိုဆေးဝါးပို့ခွင့်ကိုပါ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
မြောင်းမြအကျဉ်း ထောင်နဲ့နီးစပ်သူတယောက်က “အကျဉ်းဦးစီးဌာနက လုံခြုံရေး အကြောင်းပြချက်နဲ့ ပြင်ပပစ္စည်းတချို့ကို လုံးဝကန့်သတ်ထားတယ်လို့ သိရတယ်။ မြောင်းမြ အကျဉ်းထောင်ထဲမှာက အသက် ၆၀ နဲ့ ၇၀ အကျဉ်းသားတွေ၊ နာတာရှည်ဝေဒနာသည် အကျဉ်းသားတွေမနည်းရှိနေတာ။ ပြင်ပမှာ ဆေးဝါးကုသခွင့်ကတော့ မမျှော်လင့်ပါနဲ့လို့ပဲ ပြောချင်တယ်။ အကျဉ်းထောင် ဆေးခန်းက အရင်က နည်းနည်းပါးပါးစစ်ဆေးပေးသေးတယ်။ အခုနောက်ပိုင်း လုံးဝလှည့်ကို မကြည့်တော့တာ။ လူကြီးလာတဲ့အချိန်လောက်ပဲ ပြည့်ပြည့်စုံစုံပြင်ဆင်ပြပေးတာ” လို့ ပြောပါတယ်။
အဲ့ဒီ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေ လုံလောက်တဲ့ ဆေးကုသခွင့်မရတဲ့ အခြေအနေနဲ့ ကြုံနေရတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ နာတာရှည်ဝေဒနာရှင် အကျဉ်းသား အယောက် ၂၀ ထက်မနည်း ကျန်းမာရေး အခြေအနေ ဆိုးနေတယ်လို့ ဆိုပါတယ်။
အကျဉ်းသားတွေနဲ့နီးစပ်သူ တရားလွှတ်တော်ရှေ့နေတယောက်က “ထောင်ဒဏ် ၁၄ ချမှတ် ခံထားရတဲ့ အသက် ၆၀ ကျော် အရွယ် နိုင်ငံရေးအကျဉ်းသားတယောက် အစာအိမ်နဲ့ ဆီရောဂါဝေဒနာခံစားနေရတာ၊ ဘာမှစားမရဘူး။ အရင်က ဆေးကုသခွင့် တခါပေးတယ်။ အဲ့တုန်းကလည်း ထောင်အာဏာပိုင်တွေဘက်ကို ငွေမနည်း ပေးလို့ ခွင့်ပြုပေးတာ။ အကျဉ်းသားတွေကို သတ်ဖို့အထိကြံတဲ့ အကျဉ်းထောင်က ဒီလိုလုပ်ရပ်တွေ လုပ်တာဘာဆန်းမလည်း” လို့ ပြောပါတယ်။
မြောင်းမြအကျဉ်းထောင်ထဲက အကျဉ်းသားတွေကို ထောင်ပြင်ပဆေးရုံမှာဖြစ်စေ၊ ထောင်တွင်းဆေးရုံမှာဖြစ်စေ အပြည့်အဝ ဆေးကုသခွင့်ပေးဖို့ အကျဉ်းသား မိသားစုတွေနဲ့ ရှေ့နေတွေက တောင်းဆိုထားပေမဲ့ စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်တွေက လက်ရှိအချိန်ထိ ခွင့်ပြုပေးတာမရှိဘူးလို့ ဆိုပါတယ်။