Home
မြန်မာသတင်း
လူ့ကျန်းမာရေးနှင့် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံမှုအန္တရာယ်ကို ခြိမ်းခြောက်နေသည့် ကျွဲ၊ နွား မှောင်ခို
DVB
·
December 2, 2024
Photo: DVB

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ မှောင်ခို ကျွဲ၊ နွားတွေကြောင့် မဲခေါင်ဒေသတွင်းက လူထုတွေရဲ့  ကျန်းမာရေးနဲ့  စားနပ်ရိက္ခာ ဘေးကင်းလုံခြုံမှု အန္တရာယ်ကို ခြိမ်းခြောက်နေပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ပါဝင်တဲ့ မဲခေါင်ဒေသရဲ့ ယိုပေါက်နေတဲ့ နယ်စပ်တလျှောက်ကနေ တရုတ်နိုင်ငံရဲ့ ဈေးကွက်အတွင်း ကြီးထွားလာတဲ့ အသားစားသုံးမှုကို ဖြည့်ဆည်းဖို့ နေ့စဉ် ကျွဲ၊ နွားထောင်ချီ သယ်ယူပို့ဆောင်နေကြပါတယ်။

လယ်သမားငယ်တွေ၊ ပွဲစားတွေနဲ့ အာဏာပိုင်တွေရဲ့ ကွန်ရက်ကြီးတွေနဲ့ လည်ပတ်နေတဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဟာ လူအများအပြားအတွက် အသက်သွေးကြောဖြစ်သလို ဒေသခံ စားသုံးသူတွေအတွက် စားနပ်ရိက္ခာဖူလုံမှုကို ပေးပါတယ်။

ဒါပေမဲ့ ဒီကုန်သွယ်မှုရဲ့ အမြတ်အစွန်းများတဲ့ သဘောသဘာဝဟာ အရေးကြီးတဲ့ ကာကွယ်ဆေးထိုးနှံခြင်းနဲ့ ရောဂါထိန်းချုပ်ရေး အစီအမံတွေကို ရှောင်လွှဲပြီး သက်ရှိ တိရစ္ဆာန်တွေ မှောင်ခိုကူးခြင်းကို ဦးတည်စေခဲ့ပါတယ်။

ကျွဲနွားရောဂါတချို့ဟာ လူတွေဆီကူးစက်ပြီး ကြီးမားတဲ့ စီးပွားရေးဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တဲ့အတွက် တရားမဝင်ကုန်သွယ်မှုဟာ ဒေသခံတောင်သူတွေသာမက လူတွေရဲ့ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ ဘေးကင်းလုံခြုံမှုကိုပါ ခြိမ်းခြောက်နေပါတယ်။

မဲခေါင်ဒေသမှာ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း ဒေါင့်သန်းရောဂါ ဖြစ်ပွားမှု တော်တော်များများကို ကာကွယ်ဆေးနဲ့ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဒီရောဂါဟာ ‌ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ပြန်ပေါ်လာခဲ့ပါတယ်။

အလားတူ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ မတိုင်ခင်က အရေပြားအကျိတ်ရောဂါလို ပြင်းထန်တဲ့ ‌ရောဂါတွေ ဒေသတွင်း မကြုံစဘူး ပေါ်ပေါက်လာခဲ့တယ်။ အဲဒီရောဂါတွေဟာ စားနပ်ရိက္ခာဖူလုံမှုကို လှုပ်ခတ်စေခဲ့ပြီး ကျွဲနွားကောင်ရေ ၁ ဒသမ ၈၅ သန်းကျော်ကို ထိခိုက်စေခဲ့ပါတယ်။

ကျွဲ နွားမှောင်ခိုကူးသူတွေဟာ နယ်စပ်ကင်းတပ်ဖွဲ့တွေ၊ ဒေသအာဏာပိုင်တွေရဲ့ အကူအညီယူပြီး နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ရောဂါထိန်းချုပ်ရေး အစီအမံတွေကို ရှောင်တိမ်းကြတာပါ။

တချိန်တည်းမှာပဲ ဒေသတွင်း ကျွဲ နွားကောင်ရေ အများဆုံး တင်ပို့ရောင်းချတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းမှုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီနောက် နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားပြီး ကုန်သည်တော်တော်များများဟာ နယ်စပ်ကို ဘေးကင်းကင်းနဲ့ ဖြတ်ကျော်နိုင်ဖို့  မှောင်ခိုကွန်ရက်တွေကို အားကိုးလာကြတယ်။

မှောင်ခိုရောင်းဝယ်တဲ့ ကျွဲ နွားတွေ ရောဂါကူးစက်ပုံနဲ့ ပတ်သက်ပြီး “ကျွဲနွားတွေဟာ သယ်ယူပို့ဆောင်နေတုန်းမှာပဲ ရောဂါလက္ခဏာ ပြလာနိုင်ပါတယ်။ စိတ်ဖိစီးပြီး မောပန်းနွမ်းနယ် ဆာလောင်လာတဲ့အခါ ကျွဲ နွားတွေရဲ့ ကိုယ်ခံစွမ်းအား ကျဆင်းသွားတယ်။ အဲဒီအချိန် ရောဂါလက္ခဏာတွေ ပေါ်လာပြီး လမ်းတလျှောက် ဗိုင်းရပ်စ်ပိုးကို ပျံ့နှံ့စေနိုင်တယ်” လို့ မဲခေါင်ဒေသတွင်း ကျွဲနွား နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းမှုကို လေ့လာခဲ့တဲ့ ချင်းမိုင်တက္ကသိုလ် တိရစ္ဆာန်ဆေးပညာမဟာဌာနက ပါမောက္ခ ဒေါက်တာသာဒ်ဆက် ယားနို (Dr Therdsak Yano) က ပြောပါတယ်။

၂၀၁၈ ခုနှစ် အမျိုးသားမွေးမြူရေး အခြေခံစစ်တမ်းအရ မြန်မာနိုင်ငံက တောင်သူ ၂ ဒသမ ၂ သန်းမှာ ကျွဲနွားကောင်ရေ ၉ ဒသမ ၆ သန်းဝန်းကျင် မွေးမြူထားတယ်လို့ သိရှိရပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာ-တရုတ်နယ်စပ်ကို နေ့စဉ် နွားကောင်ရေ ၄,၀၀၀ ဝန်းကျင် မှောင်ခိုသွင်းခဲ့ပြီး ကောင်ရေ ၁,၀၀၀ ဝန်းကျင်ပဲ တရားဝင် ဝင်ရောက်ခဲ့တယ်လို့ တိုရီနို ကမ္ဘာ့ရေးရာအင်စတီကျုရဲ့ လေ့လာချက်တခုမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက နွားကောင်ရေ ၁၅၀,၀၀၀ ဝန်းကျင်ဟာ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်ကတဆင့် တရုတ်နိုင်ငံဆီ သွယ်ဝိုက်ဝင်ရောက်နေကြောင်းလည်း ကွင်းစ်လန်တက္ကသိုလ်က ပညာရှင်တွေ ပြုလုပ်တဲ့ နောက်ထပ် ၂၀၁၈ ခုနှစ် သုတေသနတခုက ထောက်ပြထားတာ တွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ကျွဲနွားရောဂါ အစီရင်ခံစာတွေ မရရှိနိုင်ပေမဲ့ ၂၀၁၆ နဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံအတွင်း နွားတွေမှာ တိရစ္ဆာန်ကနေ လူကို ကူးစက်တဲ့ရောဂါ ဖြစ်ပွားခဲ့တယ်လို့ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီရောဂါတွေထဲမှာ သေစေနိုင်တဲ့ ဒေါင့်သန်းရောဂါဖြစ်ပွားမှု ဖြစ်စဉ် ၃၀ ဝန်းကျင်၊ ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့လို့ပဲဖြစ်ဖြစ် အဲဒီ တိရစ္ဆာန်တွေဆီက နို့ထွက်ပစ္စည်းတွေကို စားသုံးလို့ပဲဖြစ်ဖြစ် ကူးစက်တဲ့ ဘရူဆဲလား အဘောတပ်စ် (Brucella abortus) ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့ ဘရူဆယ်လိုးဆစ် (Brucellosis) ရောဂါဖြစ်ပွားမှု ဖြစ်စဉ် ၁၁၆ ခု ပါဝင်နေပါတယ်။ ဒီရောဂါဟာ လူတွေဆီ ကူးစက်တဲ့အခါ တုပ်ကွေးရောဂါ လက္ခဏာလို ပြတတ်ပါတယ်။

မြန်မာနိုင်ငံမှာ အဓိက ကျွဲနွားတင်ပို့ရောင်းချတဲ့ ဒေသတခုဖြစ်တဲ့ ပဲခူးတိုင်းမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိရစ္ဆာန် ကျန်းမာရေးအစီအစဉ်တွေ အရင်လို မရှိတော့ဘူးလို့ တိရစ္ဆာန်ဆေးကုဆရာဝန် ကိုဇော်က ပြောပါတယ်။

“အရင်အစိုးရ မွေးမြူရေးဌာနက ကျနော်တို့ဒေသမှာ တိရစ္ဆာန်ကျန်းမာရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ကာကွယ်ဆေးတွေ ပုံမှန်ထိုးပေးခဲ့တယ်။ နွားတွေကို ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ပြီး ကုသပေးနိုင်ခဲ့တယ်။”

အထက်မဲခေါင်ဒေသ ခွာနာလျှာနာရောဂါ နယ်မြေသတ်မှတ်ခြင်းနဲ့ တိရစ္ဆာန်ရွှေ့ပြောင်းမှု စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ရဲ့ ၁၅ ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံ မွေးမြူရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတိုးမင်းထွန်း တက်ရောက်ခဲ့ပြီး သူ့ရဲ့ဌာနက အထက်ပါ ရောဂါအတွက် နှစ်စဉ် ကာကွယ်ဆေး အလုံးရေ ၃၀၀,၀၀၀ ထိုးပေးနိုင်ခဲ့တယ်လို့ အစီရင်ခံခဲ့ပါတယ်။

တကယ်တော့ ဒီအရေအတွက်ဟာ မြန်မာနိုင်ငံအတွင်း မွေးမြူထားတဲ့ နွားကောင်ရေ ၁၀ သန်းဝန်းကျင်ထဲက ကောင်ရေအနည်းငယ်ကိုသာ လွှမ်းခြုံနိုင်ခဲ့တာပါ။

ဒါ့ကြောင့် နိုင်ငံတကာအလှူရှင်တွေရဲ့ အထောက်အပံ့လည်း ရပ်ဆိုင်းမှုနဲ့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအတွက် ဘတ်ဂျက်ခွဲဝေမှုကလည်း ၂၀၁၉ ခုနှစ်မှာ နှစ်စဉ် အစိုးရဘတ်ဂျက်ရဲ့ ၄ ရာခိုင်နှုန်းကနေ ၂၀၂၃ မှာ သုည ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၂၄ မှာ ၁ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး လျော့နည်းသွားတာကြောင့် လက်ရှိ မြန်မာနိုင်ငံဟာ တိရစ္ဆာန်ရောဂါတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရုန်းကန်နေရပါတယ်။

(ယခုသတင်းဆောင်းပါးကို Internews' Earth Journalism Network မှ ပံ့ပိုးကူညီထားသည်။) မြန်မာ၊ ထိုင်း၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့မှ သတင်းထောက်များဖြစ်သည့် Kannikar Petchkaew၊ Gebu၊ Konlaphat Siri၊ Aung Myo Htut နှင့် Lam Nguyen တို့က စုံစမ်းစုစည်း ရေးသားထားသည်။)  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013