ကရင်နီ(ကယား)ပြည်နယ်၊ နန်းမယ်ခုံမြို့နယ်ထဲက ကျေးရွာတွေဟာ ရေဘေးဒဏ်ကို ၃ လနီးပါး ခံစားနေရပြီး နောက်ဆက်တွဲအနေနဲ့ စားနပ်ရိက္ခာလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလကစပြီး ရေကြီးဒဏ်ကိုခံနေရတဲ့ ဖောင်းတော၊ ဘုရားဖြူ၊ ဘုရားနီ ကျေးရွာတို့မှာ ခုလက်ရှိအချိန်အထိ ရေက ၅ လက်မ ၆ လက်မလောက်အထိ ကျန်နေသေးတယ်လို့ သိရပါတယ်။
ဘုရားဖြူဒေသခံတယောက်က “ရေပြင်က အကျယ်ကြီး ကျန်နေသေးတယ်။ ရွာအလယ်လမ်းကတော့ အမြင့်ကြီးဖို့ထားတော့ ဆိုင်ကယ်နဲ့ သွားလို့ရတယ်။ အိမ်တွေမှာကျတော့ လှေငယ်လေးတွေနဲ့ သွားကြတယ်” လို့ ပြောပါတယ်။
ခုလက်ရှိမှာ နေအိမ်တွေရဲ့ ပထမအထပ်က ရေမြုပ်နေဆဲဖြစ်တာကြောင့် ဒုတိယအထပ်မှာ နေထိုင်သူတချို့ရှိပြီး နေအိမ်ပျက်စီးသွားသူတွေက နီးစပ်ရာဘုန်းကြီးကျောင်းမှာ စုပြီး နေထိုင်နေကြရတယ်လို့ သိရပါတယ်။
အားမာန်သစ် ပရဟိတအသင်းက အဖွဲ့ဝင်တယောက်က “သူတို့က စားနပ်ရိက္ခာ အကူအညီတောင်းတာ များတယ်။ ပျက်စီးသွားတဲ့ လယ်ယာတွေလည်း များသွားတော့ စားနပ်ရိက္ခာကို အဓိက အကူအညီတောင်းတယ်။ ပြီးတော့ စစ်ရေးအခြေအနေအရ နေရာရွှေ့ပြောင်းဖို့ ပြောဆိုတာလည်း ရှိတာပေါ့နော်” လို့ ပြောပါတယ်။
ဒေသခံတွေက သီးပင်စာပင်တွေနဲ့ တောင်ယာစိုက်ပျိုး အသက်မွေးကြရင်းကနေ ရေကြီးမှုကြောင့် စပါး ဧက ၅,၀၀၀ ကျော် ပျက်စီးဆုံးရှုံးရပြီး ပြည်သူရဲ့ လှူဒါန်းမှုကို အားကိုးနေရတယ်လို့ သိရပါတယ်။
ဘုရားဖြူ၊ ဘုရားနီနဲ့ ဖောင်းတောကျေးရွာမှာ အိမ်ခြေ စုစုပေါင်း ၄၀၀ နီးပါးထိရှိပြီး ရေကြီးမှုဒဏ်၊ လယ်ယာဆုံးရှုံးမှုဒဏ်နဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမယ့် သတင်းကြောင့် နေရာရွှေ့ပြောင်းရဖို့အတွက်ပါ အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။