Home
မြန်မာသတင်း
မြန်မာပြည်သူ ၁၃ သန်းကျော် စားနပ်ရိက္ခာ အခက်ကြုံနေရ၊ ကုန်ဈေးနှုန်း ၅၀ ရာခိုင်နှုန်း မြင့်တက်
DVB
·
November 1, 2024

မြန်မာနိုင်ငံအတွင်း လူ ၄ ယောက်မှာ ၁ ယောက်နှုန်းနဲ့ စုစုပေါင်းလူဦးရေ ၁၃ ဒသမ ၃ သန်းဟာ စားနပ်ရိက္ခာအခက်အခဲ ကြုံနေကြရပြီး အဲဒီထဲကမှ လူဦးရေ ၂ ဒသမ ၇ သန်းဟာ စားနပ်ရိက္ခာအခက်အခဲ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေကြရတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ဥရောပသမဂ္ဂ (EU) တို့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံက ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်တွေကို ကြီးကြပ်သူ မစ္စတာ လုခ်ဗာနာက “မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက တကယ့်ကို စိုးရိမ်စရာပါ။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက နယ်မြေသစ်တွေဆီ ဆက်လက်ကူးစက်မှုနဲ့အတူ ထပ်တလဲလဲဖြစ်နေတဲ့ သဘာဝ ဘေးအန္တရာယ်တွေကြောင့်  အရပ်သားပြည်သူတွေအဖို့ တပူပေါ်နှစ်ပူဆင့် ဖြစ်‌နေကြရရှာပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ လေးပုံတပုံဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့ အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ အခုလို ဆိုးရွားနေတဲ့ အခြေအနေမှာ ထိခိုက်အလွယ်ဆုံးသော အရပ်သားပြည်သူတွေကို ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုထားဆဲပါ” လို့ ပြောပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ၊ ရာသီဥတုဒဏ်နဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ စားနပ်ရိက္ခာအခက်အခဲတွေကို တုံ့ပြန်ဖြေရှင်းတဲ့ လုပ်ငန်းတွေကို ပံ့ပိုးတဲ့အနေနဲ့ ဥရောပသမဂ္ဂ (EU) က ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဆီ ထပ်ဆောင်းရန်ပုံငွေ ယူရို ၁ ဒသမ ၂ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း) ကို ‌ပေးအပ်ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။

အဆိုပါရန်ပုံငွေနဲ့ ရေကြီးရေလျှံမှုဒဏ် ထိခိုက်ခံစားခဲ့ရသူတွေကို အရေးပေါ်အသက်ကယ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးသွားမှာဖြစ်ကာ ရေကြီးရေလျှံမှုအတွင်း လူဦးရေ ၁ သန်းနီးပါး ရေဘေးသင့်ခဲ့ကြရသလို စိုက်ပျိုးမြေဧက ၁ သန်းလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာတော့ လက်ရှိမှာ အခြေခံစားသောက်ကုန်တွေရဲ့ ကုန်စျေးနှုန်းတွေဟာလည်း မနှစ်ကနဲ့နှိုင်းယှဥ်ရင် ၅၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သလို တချိန်တည်းမှာပဲ နေရပ်စွန့်ခွာသူ လူဦးရေ ၃ ဒသမ ၄ သန်းခန့်အထိ ရှိလာပြီး ဒါဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကရှိခဲ့တဲ့ လူဦးရေ ၃ သိန်းထက် အဆများစွာ တိုးများလာခဲ့တာ ဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ပါအိုလို မက်ထေးက “အခက်အခဲမျိုးစုံ ရိုက်ခတ်မှုမျိုးစုံ ကြုံတွေ့နေရသူတွေ များလာတာမို့ စားနပ်ရိက္ခာဖူလုံမှု အခြေအနေဟာ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ တခါမှ ဒီလောက်ထိ ဆိုးရွားတာမျိုး မရှိခဲ့ဖူးပါဘူး။ သန်းပေါင်းများစွာသော ပြည်သူလူထုရဲ့ အခက်ဒုက္ခတွေကို ဖြေလျှော့ပေးနိုင်ဖို့ရာ ဥရောပသမဂ္ဂက ရက်ရက်ရောရာ ပေးအပ်တဲ့ လှူဒါန်းမှုလို နိုင်ငံတကာအသိုက်အဝန်းရဲ့ ပံ့ပိုးကူညီမှုတွေကို ကျနော်တို့ အားကိုးအားထားပြုရပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဒီထပ်ဆောင်းရန်ပုံငွေ အပါအဝင် အခုနှစ်အတွက် ဥရောပသမဂ္ဂရဲ့ စုစုပေါင်း ထောက်ပံ့မှုပမာဏဟာ ယူရို ၇ ဒသမ ၂ သန်း (အမေရိကန်ဒေါ်လာ ၈ သန်း) အထိ ရှိခဲ့ပြီဖြစ်ကာ အဆိုပါရန်ပုံငွေက မြန်မာနိုင်ငံတဝန်းက လူဦးရေပေါင်း ၂ သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာနဲ့ အာဟာရတွေ ပေးအပ်ကူညီသွားမယ့် WFP ရဲ့ အထောက်အပံ့ လုပ်ငန်းတွေကို ပံ့ပိုးပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

WFP အနေနဲ့လည်း အကူအညီအလိုအပ်ဆုံး ရပ်ရွာလူထုတွေဆီ ဥရောပသမဂ္ဂရဲ့ အထောက်အပံ့တွေ တိုက်ရိုက်ရောက်ရှိနိုင်စေရေးအတွက် စေတနာ့ဝန်ထမ်းတွေ၊ ပြည်တွင်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Photo : United Nations Myanmar

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013