Home
မြန်မာသတင်း
အရပ်သားပြည်သူများ လူမဆန်စွာ သတ်ဖြတ်ခံနေရမှု ကုလတွင် ဦးကျော်မိုးထွန်း တင်ပြ
DVB
·
October 29, 2024

စစ်အုပ်စုက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ စိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိနေပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ “Women, Peace and Security: Women Building Peace in a Changing Environment” ခေါင်းစဉ်နဲ့ အောက်တိုဘာ ၂၅ ရက်က ကျင်းပတဲ့ တံခါးဖွင့် အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး သိပ်မကြာခင်က ဘုတလင်မှာ ဖြစ်ပွားခဲ့တဲ့ စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကိုပါ ထည့်သွင်းပြောကြားခဲ့တာပါ။

စစ်ကောင်စီတပ်သားတွေအနေနဲ့ များပြားလှတဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း၊ အမျိုးသမီးတွေ အပါအဝင် အရပ်သားတွေကို လူမဆန်စွာ သတ်ဖြတ်ခဲ့တဲ့ နောက်ဆုံးဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်မှာ ဖြစ်ပွားခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူတွေထဲက တချို့မှာ စိတ်ပိုင်းဆိုင်ရာအရာ ချို့ယွင်းနေသူတွေ ဖြစ်ကြောင်း၊ တချို့မှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ခုတ်ထစ်ပိုင်းခြားခံထားရကြောင်း၊ တချို့တွေကိုတော့ ဦးခေါင်းတွေကို ခြံစည်းရိုးတွေအပေါ် ချိတ်ဆွဲခံထားရကြောင်း၊ ဒီဖြစ်စဉ်ကို ပြောကြားရတာတောင် ထိတ်လန့်ဖွယ်ကောင်းကြောင်း ပြောပါတယ်။

အဲဒီလို စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ အခြေအနေ၊ အသက်အန္တရာယ်ခြိမ်းခြောက်မှု ကြီးမားတဲ့ ပတ်ဝန်းကျင်မှာတောင် ရဲစွမ်းသတ္တိပြည့်ဝတဲ့ မြန်မာအမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေက စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်ရာမှာ မြေပြင်တော်လှန်ရေး အင်အားစုတွေအနေနဲ့သာမက အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်သူတွေအဖြစ်လည်း ရှေ့တန်းကနေ မားမားမတ်မတ် ပါဝင်နေကြတယ်လို့ ဆိုပါတယ်။

မိမိတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေအရ ဒီမိုကရေစီဆန်သော အားလုံးပါဝင်တဲ့ အဖွဲ့အစည်းတွေ တောင့်တင်းခိုင်မာအားကောင်းစေဖို့ ကျယ်ပြန့်ထိရောက်တဲ့ အကူအညီတွေ လိုအပ်တယ်လို့ အလေးအနက်ထား ပြောကြားလိုကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

အလားတူ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုအားလုံးကို ဖြေရှင်းဖို့နဲ့ သူတို့ရဲ့ ကိုယ်ပိုင်အရည်အသွေးတွေ ကြွယ်ဝစေဖို့ ဥပဒေနဲ့ မူဝါဒတွေမှာ လိင်ပိုင်းဆိုင်ရာ ရှုထောင့်တွေကို ထည့်သွင်းရမယ်လို့လည်း ဆိုပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံအရေး ဖြေရှင်းနိုင်ဖို့ အဓိကဇာစ်မြစ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်နဲ့ သူတို့ရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာတို့ကို မေ့လျော့လို့ မရကြောင်းနဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စစ်အုပ်စုဆီ လက်နက်ခဲယမ်း၊ လေယာဉ်ဆီနဲ့ ငွေကြေးအထောက်အပံ့တွေ စီးဆင်းနေတာတွေကို ချက်ချင်းရပ်တန့်ဖို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေနဲ့ စကားလုံးသက်သက် ပြောကြားနေမယ့်အစား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန်သော သမိုင်းအမွေအနှစ်တခု ထုဆစ်ဖို့ ထပ်လောင်းတောင်းဆိုကြောင်း ပြောကြားလိုက်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013