Home
မြန်မာသတင်း
မြောင်းမြထောင်တွင် ထောင်ဝင်စာပို့ခွင့်ရရန် ငွေအဆမတန် တောင်းခံနေ
DVB
·
October 9, 2024

ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်မှာ ထောင်ဝင်စာပို့ခွင့်နဲ့ လူတွေ့ခွင့်အတွက် ထောင်အာဏာပိုင်တွေက ငွေကြေးအဆမတန် တောင်းခံတာတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေနဲ့ အကျဉ်းသားမိသားစုတွေဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေက အကျဉ်းသားမိသားစုဝင်တွေ ထောင်ဝင်စာ ပါဆယ်ပစ္စည်း လာပို့ရင် ပါဆယ်တထုပ်ကို ကျပ် ၁၀,၀၀၀ ကနေ ကျပ် ၂၀,၀၀၀၊ ထောင်ဝင်စာတွေ့ခွင့်အတွက် ကျပ် ၅၀,၀၀၀ ကနေ ကျပ်သိန်းနဲ့ချီ တောင်းခံနေတာလို့ ဆိုပါတယ်။

အကျဉ်းသား မိသားစုဝင်တယောက်က “ထောင်အာဏာပိုင်တွေက ငွေကို အခန်းထဲမှာ ခေါ်တောင်းတာ။ တောင်းတဲ့ပမာဏအတိုင်း ပေးမှ ပါဆယ်ပစ္စည်း ပေးခွင့်ရတာ။ လူတွေ့ခွင့်ဆိုလည်း ဒီလိုပဲ။ ငွေမပေးရင် လက်ကိုမခံတာ” လို့ ပြောပါတယ်။

မြောင်းမြအကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီလက်ထက်မှာ လူ့အခွင့်အရေးဆိုတာ လုံးဝမရှိတော့ပါဘူး။ အကျဉ်းသားတွေအနေနဲ့ အပြင်ကနေ ပစ္စည်းတွေ လွယ်လွယ်ပေးခွင့်ရရင် အစစအရာရာ အဆင်ပြေတာပေါ့။ ရောဂါဖြစ်ပွားလာရင်လည်း အပြင်က မိသားစုဝင်တွေ ပေးပို့လာတဲ့ ဆေးတွေနဲ့ အကျဉ်းသားအချင်းချင်း ပြန်လည်ဝေငှ အသုံးပြုကြတာ။ အခုတော့ အထဲကို ပါဆယ်ပစ္စည်း ပေးချင်ရင် သူတို့အတွက် အရင်ငွေရှာနေရတာ” လို့‌ ပြောပါတယ်။

မြောင်းမြထောင် အာဏာပိုင်တွေက ထောင်အတွက်ကုန်ကျတဲ့ ရေဖိုး၊ မီးဖိုး၊ ဆေးဝါးဖိုးတွေကအစ ငွေကြေးတောင်းခံတာတွေရှိနေပြီး ငွေကြေးမပေးနိုင်တဲ့ အကျဉ်းသားတွေအပေါ် ဖိနှိပ်တာတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် အကျဉ်းသားမိသားစုဝင်တွေက ပေးပို့ထားတဲ့ ထောင်ဝင်စာ ပါဆယ်ပစ္စည်းတွေ ကိုလည်း ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေဆီ ချက်ချင်းမပေးတာကြောင့် အသင့်စား ရက်ရှည်အထားမခံတဲ့ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးနေတယ်လို့ သိရပါတယ်။

မြောင်းမြအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၇၀၀ ကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013