ဘက်ပေါင်းစုံ အရှုံးကြီး ရှုံးနေတော့လည်း ကိုယ့်ဖဲကိုယ်ချိုး ကိုယ့်ဘာသာပွပေါက်တိုးမယ်အထင်နဲ့ ကျိန်းသေပေါက်နိုင်မယ့် ရွေးကောက်ပွဲ စစ်ကောင်စီ ပြုလုပ်ချင်နေတာ ဘယ်ဆန်းမလဲ။
အောက်တိုဘာ ၄ ရက်အထိ စာရင်းအရ တော်လှန်ရေးတပ်တွေရဲ့လက်ထဲ မြို့ပေါင်း ၈၁ မြို့ ထိုးအပ်ခဲ့ရပြီးဖြစ်တယ်။ ဒါ့အပြင် မြို့ပေါ်ကွက်ကွက်လေးသာ စစ်ကောင်စီ စိုးမိုးနိုင်ပြီး ကျေးလက်ဧရိယာ မြောက်မြားစွာ PDF တို့ စိုးမိုးထားတဲ့ မကွေးတိုင်းထဲက မြိုင်နဲ့ ရေစကြိုတို့လို မြို့တွေ မနည်းလှပေမဲ့ စစ်သား၊ ရဲနဲ့ပြည်သူ့စစ်တို့ ခြံရံလျက် သန်းခေါင်စာရင်းကောက်ခံခြင်းကို အောက်တိုဘာ ၁ ရက်မှာ စစ်ကောင်စီက စတင်လိုက်တယ်။
ဆိုတော့ စစ်ကောင်စီ စိုးမိုးဧရိယာ ရသလောက်နယ်မြေမှာ သန်းခေါင်စာရင်းကောက်၊ ရသလောက် ရွေးကောက်ပွဲလုပ်ပြီး ရသလောက်လေးနဲ့ ပြည်သူရွေးကောက်ခံသမ္မတကြီးအဖြစ် သမ္မတရူးအိပ်မက်ကို မင်းအောင်လှိုင် ရသလောက် ပုံဖော်မယ်ဆိုတဲ့သဘော။
သန်းခေါင်စာရင်းမကောက်မီ စက်တင်ဘာ ၂၆ ရက်ကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြဖို့ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်ပါတယ်ဆိုတဲ့ ကြေညာချက် စစ်ကောင်စီ ထုတ်ပြန်ခဲ့သေးတယ်။ တကယ်တော့ စစ်ကောင်စီရဲ့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ မဟုတ်ဘဲ လက်နက်ချပြီး သူတို့လုပ်တဲ့ ရွေးကောက်ပွဲကို ထောက်ခံလိုက်ပါဆိုတဲ့ ဖိတ်ခေါ်ချက်။
ပြောရရင် စစ်ကောင်စီရဲ့ အရင့်အရင်ကတည်းက သဘောထားဖြစ်တဲ့ လက်နက်ချ အလင်းဝင်၊ စိတ် ပါရင် (သူတို့လုပ်တဲ့) ရွေးကောက်ပွဲဝင် ဆိုတာကို နိုင်ငံရေးအရ အဖြေရှာတဲ့ နည်းလမ်းလိုလို၊ စစ်ကောင်စီကပဲ သဘောထားကြီးစွာနဲ့ ဖိတ်ခေါ်နေတာလိုလို လူကြားကောင်းအောင် အတည်ပေါက် လူယောင်ဆောင်ကြည့်တဲ့သဘော။ ထပ်ပြောရရင် လက်နက်ချပြီး စစ်ကောင်စီ ရွေးကောက်ပွဲကို ထောက်ခံလိုက်ခြင်းကသာ တခုတည်းသော ရွေးချယ်စရာ နိုင်ငံရေးလမ်းကြောင်းလို့လည်း စစ်ကောင်စီက ဆိုလိုက်တဲ့ပုံ။
ဒါပေမဲ့ အဲဒီဖိတ်ခေါ်ချက်ထွက်ပြီး တပတ်ကျော်ကြာတဲ့အထိ ဘယ်အဖွဲ့ကမှ လက်နက်မချ၊ ရွေး ကောက်ပွဲကို ထောက်ခံပါတယ်ဆိုပြီး လက်သီးလက်မောင်းတန်းပြတဲ့အဖွဲ့လည်း မရှိရှာတော့ စစ်ကောင်စီခမျာ ဝါဒဖြန့်ဝံ့ကြွားဖို့ရာ ခက်နေတော့တယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို တော်လှန်ရေးအင်အားစုတရပ်လုံးက ပြတ်သားစွာ ကန့်ကွက်ရှုတ်ချ လုံးချေပစ်လိုက်လေတော့ နေပြည်တော်စစ်ဗိုလ်ချုပ်တွေ တောက်ခတ်သံပြင်းရုံကလွဲ ဘာတတ်နိုင်ဦးမှာလဲ။
ဒါပေမဲ့ စစ်ကောင်စီရဲ့ ငါတကောရွေးကောက်ပွဲကို တရုတ်က အတိအလင်းထောက်ခံထားပြီးပြီမို့ အရင်ကထက် လေသံမာလာတာတော့ သေချာတယ်။ တရုတ်ကြီးက စစ်ကောင်စီကို ဟိုလိုလိုဒီလိုလို လုပ်ခဲ့ရာကနေ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဩဂုတ် ၁၄ ရက် နေပြည်တော်ခရီးစဉ်မှာ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်းနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲအတွက် လိုအပ်တာ ကူညီမယ်လို့ အတိအလင်း ပြောကြားကာ တရားမဝင် အာဏာသိမ်းစစ်ကောင်စီဘက် အတိအလင်းရပ်ခံပြလိုက်တယ် မဟုတ်လား။ ဒါကို နောက်တမျိုးပြောရရင် အိမ်နီးချင်းလည်းဖြစ်၊ နိုင်ငံကြီးတနိုင်ငံလည်းဖြစ်တဲ့ တရုတ်ဟာ ကိုယ့်မျက်နှာကိုယ် တံတွေးနဲ့ ပြန်ထွေးလိုက်တာလို့လည်း ဆိုနိုင်တယ်။
ဘာကြောင့်လဲဆိုတော့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံကြောင်း တရုတ်က မကြာခဏဆိုသလို ပြောနေတာကြောင့်ပါပဲ။ အာဆီယံမူ ၅ ရပ်ဆိုတာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို လက်မခံတဲ့ အခြေခံကနေ ထွက်ပေါ်လာခြင်းဖြစ်ပြီး စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဘာဆိုဘာမှမဆိုင်သလို စစ်ကောင်စီပြုလုပ်လိုတဲ့ ရွေးကောက်ပွဲကိုလည်း အာဆီယံမူ ၅ ရပ်က ငြင်းဆိုပြီးဖြစ်တယ်။
၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်မှာ အာဆီယံခေါင်းဆောင်တွေ ရေးဆွဲခဲ့တဲ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ထဲက အဓိကအချက်တွေက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူတွေကြား တွေ့ဆုံဆွေးနွေးကာ ငြိမ်းချမ်းစွာ အဖြေရှာကြဖို့။ ထပ်ပြောရရင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ စစ်ကောင်စီတဖွဲ့တည်း စိတ်ကြိုက် လုပ်ဆောင်လိုမှုမှန်သမျှကို လုံးဝခွင့်မပြု။
မင်းအောင်လှိုင်က အာဆီယံမူ ၅ ရပ်ကို ဖော်ဆောင်ပါ့မယ်လို့ အာဆီယံခေါင်းဆောင်တွေရဲ့ရှေ့မှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့တယ်။ နောက်တရက်ကစလို့ ဒီနေ့ထိတိုင် ပြည်သူကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် သတ်ဖြတ်မှုမျိုးစုံကိုသာ ဖော်ဆောင်လျက်ရှိတယ်။ စစ်ကောင်စီက မူ ၅ ရပ်ကို ဖော်ဆောင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် စစ်ကောင်စီခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ခြင်း ပြစ်ဒဏ် အာဆီယံက ဒီနေ့ထိတိုင် ချမှတ်ထားဆဲဖြစ်တယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ထွက်ပေါ်လာပြီးပြီးချင်းမှာပဲ တရုတ်ရော အနောက်အုပ်စုကပါ ပစ်ထောက်ခံခဲ့ကြတယ်။ အာဆီယံမူ ၅ ရပ် သက်တမ်း ၃ နှစ် ကျော်ကြာကာလအတွင်း မူ ၅ ရပ်ဟာ ခြေတလှမ်းအရွေ့တောင် မရှိခဲ့ပေမဲ့ ဒီနေ့ထိတိုင် နိုင်ငံတကာ အသိုက်အဝန်းက ထောက်ခံနေကြဆဲဖြစ်တယ်။ ဒါပေမဲ့ ပွေလီတဲ့ တရုတ်ကတော့ သိက္ခာမဲ့စွာနဲ့ စစ်ကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံလိုက်တာကြောင့် အာဆီယံမူ ၅ ရပ်ကို ကျောခိုင်းလိုက်ပြီလို့ ပြောလိုက်သလိုပါပဲ။
တရုတ်ရဲ့ ထောက်ခံမှုဟာ အရေးပေါ်ခန်းထဲ အသက်ရှူကျပ်နေတဲ့ စစ်ကောင်စီအတွက် အောက်စီ ဂျင်ရသွားသလို သက်သာရာရခဲ့ပေမဲ့ အာဆီယံရဲ့သဘောထားကလည်း အင်မတန် အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး မြန်မာ့အရေး အာဆီယံမဏ္ဍိုင်ပြု ကိုင်တွယ်ဖြေရှင်းမှုကို နိုင်ငံတကာကရော တရုတ်ကပါ လက်ခံထားတာကြောင့်ပါပဲ။ ဒါ့ကြောင့် အားကြီးတယ်၊ နိုင်ငံကြီးဖြစ်တယ်ဆိုတဲ့ ပါဝါနဲ့ မြန်မာ့အရေး အာဆီယံအခန်းကဏ္ဍကို တရုတ်က ချောင်ထိုးပစ်လိုက်လို့ မရတာ အသေအချာပါပဲ။
ဆိုတော့ လက်ရှိ အာဆီယံရဲ့ မြန်မာ့အရေး သဘောထားက ဘာပါလဲ။ ဇူလိုင် ၂၇ ရက်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံက နောက်ဆုံးထုတ်ပြန်ခဲ့တာရှိတယ်။ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမှာ ကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ထုတ်ပြန်ချက်။
အဲဒီထုတ်ပြန်ချက်ထဲမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ကို ဖြေရှင်းဖို့ အာဆီယံရဲ့ အဓိကရည်ညွှန်းချက်အဖြစ် ဆက်လက်တည်ရှိနေမယ်။ မူ ၅ ရပ် အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပြီးတဲ့နောက် ရရှိလာတဲ့ အကြံပြုချက်တွေကို လာမဲ့ အောက်တိုဘာ ၈ ရက်ကနေ ၁၁ ရက်အထိ ကျင်းပမဲ့ ၄၄ ကြိမ်နဲ့ ၄၅ ကြိမ်မြောက် အာဆီယံအစည်းအဝေးပွဲတွေမှာ တင်ပြမယ်လို့ ဖော်ပြထားတယ်။ ဒါ့အပြင် မြန်မာမှာ အကြမ်းဖက်ဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကို ပြင်းထန်စွာ ရှုတ်ချထားပြီး အကြမ်းဖက်မှု ကျူးလွန်သူအားလုံးကို တိကျတဲ့ အရေးယူမှုတွေ လုပ်ဖို့လည်း တိုက်တွန်းထားပါသေးတယ်။
၃ နှစ်ကျော်ကြာ အတွေ့အကြုံတွေအရ မူ ၅ ရပ် အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းကနေ မြန်မာ့အရေးကို ရှေ့တလှမ်းတိုးနိုင်ဖို့ အာဆီယံ ဂီယာမချိန်းနိုင်တာ သေချာပေမဲ့ တရုတ်ဖိအားကြောင့် မူ ၅ ရပ်ကိုတောင် လက်လွှတ်လိုက်တာမျိုးအထိ အာဆီယံအနေနဲ့ အညံ့ခံမယ်လို့ မထင်ပါဘူး။ မကြာမီ ကျင်းပမယ့် အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဆီယံအနေနဲ့ ဘာတွေ ပြောကြမလဲ၊ ဘယ်လောက်ထိ ပြောကြမလဲ၊ စစ်ကောင်စီရွေးကောက်ပွဲဟာ အာဆီယံမူ ၅ ရပ်နဲ့မညီကြောင်း ထုတ်ဖော်ပြောကြားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပေမဲ့ သိပ်အားရစရာတော့ မရှိပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် မူ ၅ ရပ်နဲ့ ဘာမှမဆိုင်တဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ထောက်ခံရဲတာဟာ နိုင်ငံတကာအလယ် နိုင်ငံကြီးတနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ရှိချင်တဲ့ တရုတ်အတွက် အရှက်ရစရာပါ။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်ထောက်ခံချက် ရပြီးပြီဖြစ်တဲ့ စစ်ကောင်စီကတော့ ဘယ်သူတွေက ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်နေပါစေ၊ သေနတ်မပါရင်တော့ ဟားတိုက်နေမှာ သေချာပါတယ်။