Home
မြန်မာသတင်း
ရွေးကောက်ပွဲက မြန်မာပြည်သူများအတွက် အဖြေမဟုတ်ဟု သံအမတ်ကြီးပြော 
DVB
·
October 7, 2024
Photo - Permanent Mission of Myanmar to the UN

စစ်ကောင်စီတပ်က  စီစဉ်တဲ့ အတုအယောင်ရွေးကောက်ပွဲတွေဟာ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းအတွက် အဖြေမဟုတ်ကြောင်း၊ ရေရှည်တည်တံ့တဲ့ အဖြေတခုရဖို့ဆိုရင် စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲတွေကို အားလုံးက ဆန့်ကျင်ကြဖို့ လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

စစ်တပ်စီစဉ်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲတိုင်းကို ဆန့်ကျင်သွားမယ့် မြန်မာပြည်သူတွေရဲ့ သန္နိဋ္ဌာန်က  အလွန်ခိုင်မာပြီး နိုင်ငံတကာအသိုက်အဝန်း အနေနဲ့လည်း အလားတူလုပ်ဆောင်ပေးဖို့ သံအမတ်ကြီး က တောင်းဆိုပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက “ကျနော်တို့ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက ပိုပြီး ရှည်ကြာသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူတွေဟာ အရမ်းဒုက္ခရောက်နေကြလို့ပါ။ ဒါကြောင့် စစ်ကောင်စီကို ဘယ်လိုနည်းနဲ့မှ မထောက်ခံပါနဲ့။ ဘာလို့လဲဆိုတော့ အဲဒါက ကျနော်တို့ရဲ့ ဒုက္ခကို ပိုရှည်ကြာစေမှာ အမှန်ပါပဲ။ ကျနော်တို့ကို ပိုဆင်းရဲဒုက္ခရောက်စေပြီး ကျနော်တို့ရဲ့ အသက်တွေကို ပိုအန္တရာယ်ရှိစေပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုချင်တာက မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ဖို့အတွက် စစ်အုပ်စုဆီကို လက်နက်ခဲယမ်းတွေ စီးဆင်းမှု၊ လေယာဉ်ဆီတွေ စီးဆင်းမှု၊ နဲ့ ငွေကြေးစီးဆင်းမှုတွေကို ဖြတ်တောက်ပေးပါ။ အဲဒါက မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို အမှန်တကယ် ကယ်တင်နိုင်မှာ ဖြစ်ပါတယ်”

စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွေကို အခု အောက်တိုဘာ ၁ ရက်က စတင်ကောက်ခံနေပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပေါ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက DVB နဲ့ သီးသန့်အင်တာဗျူးမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှုရှိနေပေမဲ့ တကယ်မြင်ချင်တဲ့ အဆင့်မျိုးထိ ရောက်သေးဘူးလို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

"အထူးသဖြင့် ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီကနေ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ကျနော်တို့ တကယ်လိုအပ်နေပါတယ်။ တခါတလေ မြန်မာနိုင်ငံကို လျစ်လျူရှုခံနေရသလိုမျိုး ခံစားရလို့ စိတ်ပျက်မှုတွေ ရှိပေမဲ့လည်း၊ ကျနော်တို့အနေနဲ့ တခြားသူတွေရဲ့ တံခါးကို ဆက်ခေါက်နေရမှာပါ။ သူတို့ကို မြန်မာနိုင်ငံကို ကြည့်ဖို့၊ အာရုံစိုက်ဖို့ ပြောနေရမှာပါ။ အဲဒါက ကျနော်တို့ လုပ်နေတဲ့အရာပါပဲ။ တချိန်တည်းမှာပဲ နိုင်ငံတကာ အသိုက်အဝန်းကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ခြင်းအားဖြင့် မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ပေးဖို့ တိုက်တွန်းနေတာလည်း ဖြစ်ပါတယ်"

နိုင်ငံတဝန်း ကာလရှည်ကြုံနေရတဲ့ စစ်ဘေးအပြင် ရေဘေးနဲ့ပါ ကြုံရလို့ ပြည်သူတွေ သောကများနေတဲ့အချိန် ရေဘေးကြောင့် ကယ်ဆယ်ရေးစခန်းရောက်နေသူတွေကိုပါ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး နေရပ်အမြန်ပြန်ပို့ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ မိုဘိုင်းတက်ဘလက်တွေနဲ့ တအိမ်တက်ဆင်းသန်း ခေါင်စာရင်းကောက်ယူရာမှာ အိမ်ရှိ မိသားစုဝင်တွေရဲ့ အချက်အလက်တွေအပြင် အလုပ်အကိုင်၊ ဝင်ငွေနဲ့ နေအိမ်ဖွဲ့စည်းတည်ဆောက်ပုံ အစရှိတဲ့ အသေးစိတ်အချက်အလက်တွေ မေးမြန်းခံနေရတာကြောင့် ပြည်သူတွေကြား စိုးရိမ်သံတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေ ပါတယ်။

ဖူးအိအိနွယ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013