Home
မြန်မာသတင်း
စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၃၆၀ ကျော်ကို ထောင်ပြောင်း
DVB
·
October 9, 2024

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၃၆၀ ကျော်ကို စစ်ကောင်စီက  အောက်တိုဘာ ၈ ရက်မှာ ထောင်ပြောင်း‌ရွှေ့ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အောက်တိုဘာ ၈ ရက် ညဦးပိုင်းက အကျဉ်းထောင်ထဲက အကျဉ်းသားတချို့ကို သီးသန့်ခွဲထုတ်သွားပြီး ညည့်အချိန်မှာ သင်္ဘောပေါ်တင်ပြီး ပြောင်းရွှေ့သွားတာဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ညည့်အချိန်ကနေ သူတို့ကို ခြေထိပ်လက်ထိပ်ခတ်ပြီး ခွဲထုတ်သွားတယ်။ ပြီးတော့ သင်္ဘောပေါ်ချပြီး ခေါ်သွားတာ။ စုစုပေါင်းကတော့ ၃၆၆ ယောက်ပါ။”

ခေါ်ထုတ်ခံရတဲ့ အကျဉ်းသားတွေအားလုံးဟာ အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်မှုကြောင့်လို့ဆိုပြီး စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆို ထောင်ချထားတဲ့ အကျဉ်းသားတွေဖြစ်ပါတယ်။ ဒီအထဲမှာ အမျိုးသမီးတချို့နဲ့ မွတ်ဆလင်တွေလည်း ပါဝင်တယ်လို့ အကျဉ်းထောင် အသိုက်အဝန်းကနေ သိရပါတယ်။

လက်ရှိမှာတော့ ခေါ်ထုတ်ခံရတဲ့ အကျဉ်းသားတွေကို သာယာဝတီအကျဉ်းထောင်နဲ့ အင်းစိန်အကျဉ်းထောင်ကို ပို့မယ်လို့ အကြမ်းဖျင်းသိထားရပြီး မိသားစုဝင်တွေ အနေနဲ့ကတော့ အလွန်အမင်း စိုးရိမ်နေကြတယ်လို့ ထောင်ပြောင်းရွှေ့ခံရသူတွေထဲက တယောက်ရဲ့ မိသားစုဝင်က ဆိုပါတယ်။

“ဒီနေ့မနက် ကျမ ထောင်ကိုသွားတွေ့ပါတယ်။ မရှိတော့ဘူးလို့ ပြောတယ်။ ထောင်ပြောင်းလိုက်ပြီတဲ့။ သာယာဝတီနဲ့ အင်းစိန်ထောင်တွေလို့တော့ သိရတယ်။ ဒီမှာရှိနေရင် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အစစအရာရာ ပေးကမ်းထားလို့ ရနေပါသေးတယ်။ အခုက တခြားမှာ ဘယ်သူမှ ထောင်ဝင်စာသွားတွေ့မယ့်သူ မရှိဘူး။ ဒါကလည်း ဒီအတိုင်း အကျဉ်းသားအနေနဲ့ ထားဦးမှပါ။ ရှေ့တန်းထွက်ဖို့ ခေါ်သွားရင်လည်း ဘာမှတတ်နိုင်ကြမှမဟုတ်ဘူး။ ကျမတို့မှာ မိသားစု ၉ ယောက်ရှိတယ်။ သူတယောက်တည်းကပဲ လုပ်ကျွေးနေတာပါ။”

ပြောင်းရွှေ့ခံသူတွေထဲမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့လကပဲ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထားရတဲ့ ဗျိုင်းဖြူကျေးရွာသား ၂၀ဝ ကျော်လည်း ပါဝင်တယ်လို့ သိရပါတယ်။

လတ်တလောအခြေနေမှာတော့ စစ်တွေမြို့နယ်ဟာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ မြို့နယ်တခုဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စစ်ရေးပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့အပြင် ဒေသနေသူတွေဟာလည်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကို နေ့စဉ်နီးပါး ခံနေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013