Home
မြန်မာသတင်း
ဟင်္သာတထောင်တွင် အကျဉ်းသားများ ဆေးဝါးပို့ခွင့်ကန့်သတ်ခံနေရ
DVB
·
September 28, 2024

ဧရာဝတီတိုင်း၊ ဟင်္သာတအကျဉ်းထောင်မှာ အကျဉ်းသားတွေအတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အပြင် ဆေးဝါးပို့ခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေနဲ့ အကျဉ်းသားမိသားစုတွေဆီက သိရပါတယ်။

ဟင်္သာတအကျဉ်းထောင်မှာ အကျဉ်းသားတွေအတွက် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတဲ့အပြင် စက်တင်ဘာ ပထမအပတ်ကစတင်ပြီး အကျဉ်းသား မိသားစုတွေရဲ့ ဆေးဝါးပို့ခွင့်ကိုပါ ကန့်သတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ဟင်္သာတအကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရတဲ့ အသက် ၆၀ ကျော်အရွယ် နိုင်ငံရေးအကျဉ်းသားတယောက်က အစာအိမ်နဲ့ ဆီးရောဂါဝေဒနာ ခံစားနေရတာ။ အကျဉ်းဦးစီးဌာနက ထောင်ဆရာဝန်တွေက ပါရာစီတမော့ ဆေးတမျိုးကိုပဲ ပေးတာ။ ဒါကိုသိတဲ့ အကျဉ်းသားမိသားစုတွေက ဆေးဝါးတွေပို့ပေးတယ်။ ပေးတဲ့ဆေးတွေလည်း ပေးသလောက်မရောက်ဘူး ဖြစ်နေတာ။ တော်တော်ကို ကန့်သတ်ထားတာ။”

ဟင်္သာတ အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “ပြင်ပကနေ ဆေးဝါးတွေအပါအဝင်အခြား ထောင်ဝင်စာပါဆယ်တွေကို အကျဉ်းဦးစီးဌာနက အဓိကလက်ခံရတာ။ ထောင်အာဏာပိုင်တွေကလည်း စစ်ကောင်စီတက်လာပြီးကတည်းက တဗိုလ်တတပ်ပဲ။ အခုဖြစ်နေတာက နိုင်ငံရေးအကျဉ်းသားတွေရဲ့လက်ထဲကို မရောက်ဘူးဖြစ်နေတာ။ ထောင်အာဏာပိုင်တွေက ဖျာက်ဖျက်လိုက်တာပေါ့နော်။ အဲဒါက လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စပဲလေ။ သူတို့ဘက်ကလည်း ဆေးဝါး လုံလုံလောက်လောက်မပေးနိုင်ဘူး။ အပြင်က မိသားစုကပေးတဲ့ ဆေးဝါးကိုလည်း တဆင့်လက်ခံမပေးဘူးဆိုတော့ တဖက်လှည့်နဲ့ သူတို့က အကျဉ်းသား၊ အကျဉ်းသူတွေကို သေဆုံးအောင် လုပ်နေတာ” လို့ ပြောပါတယ်။

ဟင်္သာတအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေအပါအဝင် အကျဉ်းသားအားလုံး လုံလောက်တဲ့ ဆေးကုသခွင့်မရတဲ့ အခြေအနေနဲ့ ကြုံနေရတာကြောင့် နာတာရှည်ဝေဒနာရှင် အကျဉ်သား အယောက် ၄၀ ထက်မနည်း ကျန်းမာရေး အခြေအနေဆိုးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဒါ့အပြင် ထောင်ပြင်ပဆေးရုံမှာ ဆေးကုသဖို့ တောင်းဆိုထားပေမဲ့လည်း စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာန ထောင်အာဏာပိုင်တွေက လက်ရှိအချိန်ထိ ခွင့်ပြုပေးတာမရှိဘူးလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013