စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တနိုင်ငံလုံးအကျဉ်းထောင်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးဝါး လုံလောက်စွာ မရရှိတာကြောင့် နှစ်စဉ် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထက်မနည်း သေဆုံးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွဋ်ဦးက ပြောပါတယ်။
၂၀၂၄ ခုနစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အကျဉ်းထောင်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးဝါး လုံလောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၁ ဦးနဲ့ ရဲ CDM တဦး သေဆုံးခဲ့တယ်လို့ PPNM က အောက်တိုဘ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကိုသိုက်ထွဋ်ဦးက “အခုလို သေဆုံးနေရတာဟာ ထောင်ဝင်စာပါဆယ်မှာ ဆေးဝါးတွေ ကန့်သတ်ခံရသလို ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုကလည်း လုံလောက်စွာ မရရှိတာကြောင့်ပါတယ်။ အရေးကြီးလူနာတွေကို ပြင်ပဆေးရုံမှာ အချိန်နဲ့တပြေးညီ ကုသခွင့်မရရှိတာကြောင့်လည်းပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အကျဉ်းထောင်တွေမှာ ဆရာဝန်လုံလောက်စွာမရှိသလို တာဝန်ကျတဲ့ ဆရာဝန်တချို့ကလည်း တာဝန်ချိန်မှာ ပျက်ကွက်နေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးခဲ့ရတယ်လို့ ကိုသိုက်ထွဋ်ဦးက အခုလိုပြောပါတယ်။
“ကျိုက်မရောအကျဉ်းထောင်မှာ ညပိုင်း နိုင်ငံရေးအကျဉ်းသားတဦးအရေးပေါ်ဖြစ်တဲ့အချိန် တာဝန်ကျတဲ့ဆရာဝန်က မရှိနေဘူး။ အကျဉ်းထောင်တွေမှာ ဆရာဝန်အင်အားနည်းတဲ့အပြင် ဆရာဝန်တွေကလည်း ညအချိန်မှာ တာဝန်ပျက်ကွက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးခဲ့ရတယ်။”
အခုလို အကျဉ်းထောင်အတွင်း သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါရှိသူတွေပါသလို စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံရပြီး အတွင်းဒဏ်ရာရသွားကာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် သေဆုံးသူတွေလည်းရှိတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အကျဉ်းထောင်ဆရာဝန်တယောက်က “အကျဉ်းသားတွေ သေဆုံးရတာဟာ ကုသမှု မကျွမ်းကျင်တာရော၊ ဆေးဝါးမလုံလောက်တာရော၊ လုပ်ထုံးလုပ်နည်း အတားအဆီးတွေကြောင့်ပဲ။ ကျိုက်မရော၊ သာယာဝတီထောင်တွေမှာဆို ဆရာဝန်ရော၊ ဆေးရောနည်းတယ်။ နောက်ပြီး အကျဉ်းသားတဦးကို တလမှာ ၁၁၀၀ ပဲ ဆေးဖိုးရတယ်။ အခုဆေးဈေးနှုန်းတွေနဲ့ဆို ဘယ်လိုမှ မကိုက်နေဘူး” လို့ ပြောပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားသေဆုံးတာနဲ့ ပတ်သက်ပြီး ကိုသိုက်ထွဋ်ဦးက “ထောင်အာဏာပိုင်တွေအနေနဲ့ ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာပေးပါ။ ICRC လို အဖွဲ့အစည်းမျိုးတွေကလည်း အကျဉ်းထောင်တွေဆီဝင်ရောက်ပြီး ဆေးဝါးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးပေးပါ။ အကျဉ်းထောင်ဝန်ထမ်းတွေအနေနဲ့ မိသားစုပို့ပေးနေတဲ့ ဆေးဝါးတွေကို ကန့်သတ်မှုမပြုဘဲနဲ့ လက်ခံပေးပါ။ အရေးကြီးလူနာတွေကို ပြင်ပဆေးရုံမှာ အချိန်နဲ့ တပြေးညီ ကုသခွင့်ပေးပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးသေဆုံးခဲ့တယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။