Home
မြန်မာသတင်း
မအူပင်အကျဉ်းထောင်တွင် ထောင်ဝင်စာပါဆယ်အတွက် ကျပ် ၁ သိန်းအထိ ပေးနေရ
DVB
·
September 6, 2024
Photo Crd-KKL + Social Media

ဧရာဝတီတိုင်း၊ မအူပင်အကျဉ်းထောင်မှာ ထောင်ဝင်စာပါဆယ်ပစ္စည်းပေးပို့တဲ့အခါ ထောင်အာဏာပိုင်တွေက ငွေညစ်နေပြီး ငွေပေးမှပစ္စည်းတွေလက်ခံတယ်လို့ အကျဉ်းသားမိသားစုတွေနဲ့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနနဲ့ အကျဉ်ထောင်မှာ လုံခြုံရေးယူထားသူတွေက အကျဉ်းသားတွေကို မိသားစုတွေက အစားအသောက်တွေအပါအဝင် ထောင် ဝင်စာ ပါဆယ် ပစ္စည်းတွေ ပေးပို့တဲ့အခါ ငွေညစ်နေတာဖြစ်ပြီး အနည်းဆုံး ငွေကျပ် တသိန်းအထိပေးမှ ပါဆယ်ပစ္စည်းတွေကို လက်ခံတယ်လို့ ဆိုပါတယ်။

ကိုယ်တွေ့ကြုံရသူ အကျဉ်းသားမိသားစုဝင်တယောက်က “အမျိုးမျိုးကို ဒုက္ခခံနေရတာပဲ။ ငွေမပေးရင် ဘာ ပစ္စည်းမှကို ပို့မရတာ၊ လက်ကိုမခံတာပါ။ မပို့ရတာ ၃ ပတ် လောက်ရှိနေပြီမို့ ငွေအရင်ရှာဖွေပြီး ပါဆယ်ပစ္စည်း သွားပို့တာ။ ဘယ်လောက်ပေးရလဲဆိုတော့ ၁၀၀,၀၀၀ တောင်းတာ” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီ လက်အောက်ခံ အကျဉ်းထောင်အာဏာပိုင်တွေက ထောင်ဝင်စာပါဆယ် ပစ္စည်းလာပို့သူတွေ၊ ထောင်ဝင်စာလာတွေ့သူတွေဆီကနေ အဆမတန်ငွေညစ်နေတာကြောင့် အခက်အခဲကြုံနေရပြီး ငွေကြေးနွမ်းပါးတဲ့ အကျဉ်းကျမိသားစုတွေ တွေ့ခွင့်မရတဲ့အထိ ပိုမို အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “အခုက ငွေတောင်းတဲ့သူက များများလာတာပေါ့နော်။ အရင်က ကိုယ်စေတနာရှိရင်တော့ လက်ဖက်ရည်ဖိုးလေး ဘာလေး ပေးတာယူတာရှိပါတယ်။ အထဲမှာရှိနေတဲ့ အကျဉ်းသားနဲ့ မိသားစုကို အဆင်ပြေပြေ လုပ်ပေးတော့ မိသားစုတွေက ပေးတာပေါ့။ အခုတော့ ငွေပမာဏကို သတ်မှတ်ပြီးတော့ ပေါ်တင်ပြော တောင်းတာ။ မပေးရင် လာပို့တဲ့ ပစ္စည်းပြန်ယူသွားရတဲ့အထိ ဖြစ်လာတာ။ လူတိုင်း အဆင်ပြေမနေဘူလေ။” လို့ ပြောပါတယ်။

မအူပင်အကျဉ်းထောင်မှာ ထောင်ဝင်စာပါဆယ်ပစ္စည်း လာပို့သူတွေကို တယောက် တည်းသာလာဖို့၊ နိုင်ငံသား စိစစ်ရေးကတ်၊ သန်းခေါင်စာရင်း၊ စမတ်ကတ်တွေနဲ့ ရဲစခန်း ထောက်ခံစာတွေ ယူလာဖို့အထိပါ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မအူပင်အကျဉ်းထောင်ထဲမှာ ညမထွက်ရအမိန် ချိုးဖောက်တယ်ဆိုပြီး ထောင်ချခံထားရသူတွေ၊ PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး ထောင်ချခံထားရသူတွေ၊ လူမှုကွန်ရက်အပေါ် စစ်ကောင်စီကို ဆန့်ကျင်တဲ့စာရေးမိလို့ ဖမ်းဆီးထောင်ချခံရသူတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အများဆုံးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မအူပင်အကျဉ်းထောင်ထဲမှာ ခိုးမှု၊ လုယက်မှု၊ ဓားမြမှု၊ မုဒိမ်းမှု၊ လောင်းကစားမှု၊ မူယစ်ဆေးဝါးအမှု စတဲ့အမှုတွေနဲ့ ထောင်ဒဏ်ချခံရသူနေတွေကိုတော့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဦးစားပေးလွှတ်ပေးတာများတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013