မက္ကဆီကိုနိုင်ငံရဲ့ရာဇဝင်မှာ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး မူးယစ်ဆေးလောကရဲ့ ဘုရင်တဆူ ဖြစ်တဲ့ အိုဆီးယဲလ် ကာဒယ်နာစ် ဟာ သြဂုတ် ၃၀ ရက် သောကြာနေ့မှာ အမေရိကန် အကျဉ်းထောင်ကနေ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့ ထိန်းသိမ်းမှုအောက်ကို ပြန်လွှတ်ပေးခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အကျဉ်းထောင်ဗျူရိုက ပြောကြားခဲ့ပါတယ်။
ပင်လယ်ကွေ့ဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်း ကာဒယ်နာစ် ဟာ စစ်တပ်က အထူးတပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပင်လယ်ကွေ့ဂိုဏ်းရဲ့ လက်နက်ကိုင်အဖွဲ့ ဇီတာစ် ကို တည်ထောင်ခဲ့ပါတယ်။
သူဟာ မက္ကဆီကိုနိုင်ငံရဲ့ ရုန်းရင်းဆန်ခတ်အတိတ်ကာလမှာ အဆိုးရွားဆုံး သွေးထွက်သံယို အုပ်စုဖွဲ့ အကြမ်းဖက်မှုတချို့ကို ဦးဆောင်ခဲ့ပြီး ခေါင်းဖြတ်တာလိုမျိုး အလွန်အကျူး ကြမ်းတမ်းတဲ့ နည်းဗျူဟာတွေကို လက်ခံကျင့်သုံးပြီးတော့ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းကို အသွင်ပြောင်းမှုအတွက် အပြစ်တင်ခံခဲ့ရပါတယ်။
ကာဒယ်နာစ် ကို ၂၀၀၃ ခုနှစ် သေနတ်တိုက်ပွဲအပြီးမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ၂၀၀၇ ခုနှစ်မှာ အမေရိကန်ဆီကို လွှဲအပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။
ဇီတာစ်တွေဟာ နောက်ပိုင်းမှာ သူတို့ဘာသာသူတို့ ခွဲထွက်ပြီး အချိန်ခဏလေးအတွင်းမှာပဲ မက္ကဆီကိုမှာ အသေအပျောက် အများဆုံး ရာဇ၀တ်မှုတွေ ကျူးလွန်တဲ့အုပ်စု ဖြစ်လာပါတယ်။
သောကြာနေ့အစောပိုင်းက ကာဒယ်နာစ်ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် စည်းကြပ်မှုဌာန (ICE) ဆီကို လွှတ်ပေးခဲ့ကြောင်း အမေရိကန် အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Source-Reuters