အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံအပေါ် ဆင်ခြင်တုံတရားရှိတဲ့ မူဝါဒကို ဖော်ဆောင်သင့်တယ်လို့ စင်ကာပူအမျိုးသားတက္ကသိုလ် အာရှသုတေသနဌာနက ထင်ရှားသူ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ဟောင်း ခီရှော မာဘူဘာနီက ပြောပါတယ်။
တရုတ်အစိုးရရုပ်သံကွန်ယက် (CGTN) နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဩဂုတ် ၂၈ ရက်က ပြောကြားလိုက်တာဖြစ်ပြီး အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလေဗန်ရဲ့ တရုတ်နိုင်ငံဆီ သုံးရက်ကြာ အလည်အပတ်ခရီးအတွင်း အင်္ဂါနေ့က ဘေဂျင်းမြို့တော်ကို ရောက်လာချိန်မှာ ခုလို ပြောဆိုချက်ကို ထုတ်လွှင့်ခဲ့တာပါ။
စင်ကာပူသံအမတ်ဟောင်း ခီရှောမာဘူဘာနီက "တရုတ်ရဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှု အားလုံးက မအောင်မြင်နိုင်ပါဘူး။ တရုတ်က အမေရိကန်ကလွဲလို့ တခြားနိုင်ငံတွေထက် သိပ္ပံနဲ့ နည်းပညာမှာ ပိုပြီး ရင်းနှီးမြုပ်နှံနေပါတယ်။ တရုတ်ရဲ့ သိပ္ပံပညာ အရည်အချင်းက မြင့်တက်နေပါတယ်”လို့ ပြောပါတယ်။
တရုတ်နိုင်ငံက ထွက်သွားမှာ မဟုတ်လို့ အမေရိကန်အနေနဲ့ လုပ်ဖို့လိုတာက အေးအေးလူလူ ထိုင်နေပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရာမှာ ဆင်ခြင်တုံတရားရှိရှိ တွက်ချက် အဖြေရှာဖို့ပဲလို့ မာဘူဘာနီက ပြောပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံက အသာစီးရနေတဲ့ ရပ်တည်ချက်ကို မီးမောင်းထိုးပြပြီး မာဘူဘာနီက အမေရိကန်ဟာ တရုတ်နိုင်ငံကို အထီးကျန်အောင် ကြဉ်ဖယ်ထားဖို့ ကြိုးပမ်းတာထက်စာရင် ပိုမိုခန့်မှန်းနိုင်တဲ့၊ ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု မူဝါဒတွေ ချမှတ်ဖို့ အကြံပြုခဲ့ပါတယ်။
“ထပ်တူထပ်မျှ အရေးကြီးတာက၊ ဒီနေ့ ကမ္ဘာ့နိုင်ငံအများစုနဲ့ တရုတ်နိုင်ငံရဲ့ ချိတ်ဆက်မှုက ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများစုနဲ့ အမေရိကန်ရဲ့ ချိတ်ဆက်မှု ထက် ပိုမိုအားကောင်းလာတယ်၊ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံဟာ အမေရိကန်ထက် ပိုများတဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ ကုန်သွယ်ဖက်နိုင်ငံပါ။ အထီးကျန်ဖို့ ဒါမှမဟုတ် တရုတ်ကို ထိန်းချုပ်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုမှန်သမျှ အလုပ်မဖြစ်နိုင်ဘူး”လို့လ မာဘူဘာနီကို ကိုးကားပြီး CGTN က ထုတ်လွှင့်ခဲ့ပါတယ်။
Source-Reuters