မြန်မာ-တရုတ်နယ်စပ်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (People's Liberation Army - PLA) က ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်နေကြောင်း နယ်စပ်ဒေသခံတွေနဲ့ တရုတ် သတင်းတွေအရ သိရပါတယ်။
ရွှေလီမှာ နယ်စပ်တလျှောက် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်နေကြောင်း ယူနန်ဒေသခံ အမျိုးသားတယောက်က DVB ကို ပြောပါတယ်။
“ရွှေလီက လမ်းတချို့လည်း ပိတ်ထားတယ်၊ လေ့ကျင့်နေကြပြီ။ ဆစ်ဆောင်ပန်းနားဘက်လည်း စစ်ရေးလေ့ကျင့်မှုလုပ်တယ်။ ဒီ ရွှေလီဘက်လည်း လုပ်တယ်။ အကုန်လုံး နယ်စပ်တလျှောက်ပဲ။ ကျင်းခုန်ဘက်ရော၊ ဆစ်ဆောင် ပန်းနားထိ နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ။ ပြီးခဲ့တဲ့ရက်ပိုင်းက ရင်ကျန်းဘက် လေ့ကျင့်ကြတယ်။”
ရွှေလီမှာတော့ ဘယ်လမ်းကနေ ဘယ်လမ်းအထိ စစ်ရေးလေ့ကျင့်မယ်ဆိုတာ အွန်လိုင်းမှာ အသိပေး ကြေညာထားတယ်လို့ ရွှေလီရောက် မြန်မာအလုပ်သမားတယောက်က ပြောပါတယ်။
ဝမ်တိန်မြို့ရောက် မြန်မာနိုင်ငံသားတယောက်က “တရုတ်ဘက်ခြမ်း နယ်စပ်မှာ စစ်ရေးလေ့ကျင့်မှု ပြင်းပြင်းထန်ထန် ပြန်လုပ်နေတယ် ဩဂုတ်လ ၂၇ ရက်နေ့၊ တော်တော်လေး ပစ်နေကြတယ်။ ဒီနေ့စပြီး လေ့ကျင့်မယ်ဆိုတာ ကြိုတင်အကြောင်းကြားထားတယ်။ ဒီမနက်တော့ အချက်ပေးစနစ်တွေ တဝီဝီ ကြားနေရတယ်။ ကျမ အထင်က မူဆယ် မပစ်ဖို့ ခြိမ်းခြောက်တာလား မသိဘူး။ ဒရုန်းတွေရော၊ လေယာဉ်တွေရောပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရင်ကျန်းမှာလည်း မြို့ထဲမှာကို စစ်ရေးလေ့ကျင့်နေကြတယ်လို့ ရင်ကျန်းရောက် မြန်မာအလုပ်သမားတယောက်က ပြောပါတယ်။
"တနေကုန် တနေခန်း တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ အသံကြားနေရတယ်။ သူတို့ရှိတဲ့ နေရာဘက် အရပ်သား ပြည်သူတွေတောင် ဖြတ်လို့မရဘူး။ ၇ ရက်ဆိုလား မသိဘူး လေ့ကျင့်တယ်။”
မြန်မာ--တရုတ် နယ်စပ် တရုတ်ဘက်ခြမ်းမှာ ဩဂုတ် ၂၇ ရက်ကစ တောင်ပိုင်းတိုင်း စစ်နယ်ဝန်း ကွပ်ကဲမှု စစ်ဌာနချုပ်မှ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မှာဖြစ်ကြောင်း စစ်နယ်ဝန်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ဗိုလ်မှူးကြီး Tian Junli က ဩဂုတ် ၂၇ ရက် မနက်မှာ ပြောကြားခဲ့ကြောင်း တရုတ်သတင်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ ကင်းထောက်တာ၊ ကြိုတင်သတိပေးတာ၊ ဘက်ပေါင်းစုံ ပိတ်ဆို့တာ၊ ပစ်ခတ်တိုက်ခိုက်တာနဲ့ ကွပ်ကဲမှုစွမ်းရည် စမ်းသပ်ဖို့ ရည်ရွယ်ကြောင်းလည်း ဖော်ပြထားပါတယ်။
နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို ကာကွယ်ဖို့ အရေးပေါ် အခြေအနေအတွက် တုံ့ပြန်ဖို့ အမြဲတမ်း အသင့်ပြင်ဆင်ထားကြောင်းလည်း ဖော်ပြထားပါတယ်။
တရုတ်-မြန်မာ နယ်စပ်တလျှောက် ယူနန်ပြည်နယ် ၄ နေရာမှာ တရုတ်ရဲ့ မြေပြင်နဲ့ ဝေဟင် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဩဂုတ် ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ ၃ ရက်ကြာမှာ ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်ရာ ဒေသက လမ်းတချို့နဲ့ နယ်စပ်ဂိတ်တချို့လည်း ပိတ်ထားကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။
တရုတ်-မြန်မာ နယ်စပ်၊ မြန်မာဘက်ခြမ်း စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားလာပြီးနောက် တရုတ်ဘက်ခြမ်း နယ်စပ်မှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှု မကြာခဏ ပြုလုပ်လာတာ တွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။