Home
မြန်မာသတင်း
သာစည်၊ ပဲခူး၊ ဝေါနှင့် ကွန်ဟိန်းမြို့နယ်တို့တွင် ကျပ်သန်း ၄,၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
May 5, 2025
Photo: CCDAC MYANMAR

သာစည်၊ ပဲခူး၊ ဝေါနဲ့ ကွန်ဟိန်းမြို့နယ်တို့ကနေ ကျပ်သန်း ၄,၂၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား၊ ဆေးခြောက်နဲ့ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဧပြီ ၂၉ ရက် ည ၈ နာရီက မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရွာနားမှာ အောင်ပန်းကနေ ရန်ကုန်ကို တင့်ဇော်လင်း (ခ) တင့်ဇော် မောင်းနှင်ပြီး မဇာနည်လင်း လိုက်ပါလာတဲ့ Mitsubishi Fuso ၆ ဘီးကားကို သတင်းအရ ရှာဖွေရာမှာ ကားပေါ်ကနေ ဒေသကာလတန်ဖိုးငွေ ကျပ်သန်း ၁,၈၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားတွေ တင်ဆောင်ပေးသူ ရဲသွေးအောင် (ခ) ဖိုးလပြည့်ကို အောင်ပန်းမြို့၊ ဗိုလ်ချုပ်ကွင်းက ကုန်စည်ပို့ဆောင်ရေးဂိတ်မှာ ဆက်လက် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၈ ရက် မွန်းလွဲ ၁ နာရီလောက်ကလည်း ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရွာနားမှာ တပ်ကုန်းကနေ မော်လမြိုင်ကို မိုးဝင်းလှိုင် မောင်းနှင်ပြီး ကျော်ခိုင်ဦး လိုက်ပါလာတဲ့ Toyota Lexus ကားကို သတင်းအရ ရှာဖွေရာမှာ ကားပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အဲဒီနေ့ ညနေ ၄ နာရီခွဲမှာ သူရမျိုးမျိုး (ခ) မျိုးမျိုးကို တပ်ကုန်းမြို့၊ မြဝတီရပ်ကွက်က သူ့ရဲ့အိမ်မှာ ဆေးခြောက် ၂ ဒသမ ၃ ကီလို၊ Cadillac Escalade ကားနဲ့အတူ ဆက်လက်ဖမ်းဆီးရမိခဲ့တာကြောင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေ ကျပ်သန်း ၁,၅၀၀ ကျော် တန်ဖိုးရှိပြီး အဲဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ကနေ မွန်ပြည်နယ်ကို သယ်ဆောင် ရောင်းဝယ်တာလို့ ဆိုပါတယ်။

ဧပြီ ၃၀ ရက် မနက်ပိုင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ တာကော်ရွာနားမှာ မိုင်းပျဉ်းကနေ ကာလိဘက်ကို ကျော်စွာမြင့် (ခ) လင်းအောင် မောင်းနှင်လာတဲ့ Nissan Diesel ၁၂ ဘီးကားနဲ့ စိုင်းပညာ မောင်းနှင်လာတဲ့ Nissan Diesel ၁၂ ဘီးကားတို့ကို သတင်းအရ ရှာဖွေရာမှာ ကားတွေပေါ်က ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၉,၁၀၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၉ သိန်း၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ ဒသမ ၇၂၅ တန်နဲ့ အနံ့ဆေးရည် ၆၀၀ လီတာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အားလုံးကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013