Home
မြန်မာသတင်း
လွိုင်လင်တွင် ကျပ်သန်း ၈,၅၀၀ တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ
DVB
·
April 20, 2025

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်မှာ ငွေကျပ် သန်း ၈,၅၀၀ တန်ဖိုးရှိတဲ့ ကက်တမင်းတွေ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC) က ဧပြီ ၁၉ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါတဲ့ပူးပေါင်းအဖွဲ့ဟာ ဧပြီ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန်က လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ လွိုင်လင်တိုးဂိတ်မှာ ကျော်အာကာသိန်း မောင်းနှင်လာတဲ့ Toyota Alphard ကားနဲ့ သက်နိုင် မောင်းနှင်လာတဲ့ Toyota Alphard ကားနဲ့ တို့ကို သတင်းအရ စစ်ဆေးဖို့ ရပ်တန့်ခိုင်းချိန်မှာ ကျော်အာကာသိန်း မောင်းနှင်လာတဲ့ကားက တောင်ကြီးဘက်ကို မောင်းပြေးတာကြောင့် ပိတ်ဆို့ ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

လွိုင်လင်-တောင်ကြီးသွားလမ်းက ချိုခမ်းကျေးရွာအဝင်မှာ ဖမ်းဆီးရမိခဲ့ပြီး အဲဒီ ကား ၂ စီး ပေါ်ကနေ ဒေသကာလတန်ဖိုးငွေကျပ် ၈,၅၀၀ တန်ဖိုးရှိတဲ့  စိတ်ပြောင်းဆေးဝါး ကက်တမင်း ကီလို ၁,၀၀၀ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ဧပြီ ၁၄ ရက်နေ့ မနက် ၁၁ နာရီအချိန် ကျိုင်းတုံမြို့၊  ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းရွာနားမှာ စိတ်ကြွဆေးပြားတွေ သယ်ဆောင်ရာမှာ အဓိကပါဝင်သူတွေဖြစ်တဲ့ ရန်အောင်ကျော်(ခ)အိုက်ကျိုင်း နဲ့ ထွန်းကိုကို(ခ)အိုက်လုံ တို့ကို Toyota Prado ကားနဲ့အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ကက်တမင်းတွေကို ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ကနေ ရန်ကုန်ကို သယ်ဆောင်တာဖြစ်ကြောင်း သိရပြီး သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသလို ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

ကက်တမင်း ဆိုတာ K လို့ခေါ်တဲ့အမှုန့်ဖြစ်ပြီး ပိုက်နဲ့နှာခေါင်းထဲကို ရှူရှိုက်သွင်းပြီး စိတ်ပြောင်းဆေးအဖြစ် သုံးစွဲကြတာ ဖြစ်ပါတယ်။

Photo : CCDAC MYANMAR

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013