Home
မြန်မာသတင်း
ကျိုင်းတုံနှင့် တာချီလိတ်တွင် ကျပ်သိန်း ၁ သောင်းကျော်ဖိုး မူးယစ်ဆေးများဖမ်းမိ
DVB
·
April 12, 2025
Photo: CCDAC MYANMAR

ကျိုင်းတုံနဲ့ တာချီလိတ်မှာ ကျပ်သိန်းပေါင်း ၁ သောင်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။

ဧပြီ ၁၀ ရက်နေ့ညပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းရွာနားမှာ မော်တော်ယာဉ်တွေကို စစ်ဆေးရှာဖွေတုန်း မိုင်းပျဉ်းမြို့ဘက်ကနေ ကျိုင်းတုံမြို့ဘက်ကို အိုက်မွေခုံး မောင်းနှင်လာတဲ့ Tyota Mighty-X အမျိုးအစားကားကို ရပ်တန့်စစ်ဆေးရှာဖွေရာမှာ ယာဉ်ပေါ်ကနေ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၆ ဒသမ ၇၅ ကီလို(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇,၄၂၅ သိန်း)၊ ဘိန်းစိမ်း အလေးချိန် ၄ ဒသမ ၅ ကီလို(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂ သိန်းခွဲ)နဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အသက် ၃၉ နှစ်အရွယ် အိုက်မွေခုံးကို ကျိုင်းတုံမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။

ဧပြီ ၈ ရက်နေ့ ညနေပိုင်းကလည်း တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်က အငှားနေအိမ် တိုက်ခန်းကို သတင်းအရဝင်ရောက်ရှာဖွေရာမှာ ညီလောက်စီ ကို စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀၊ အဆင့်နိမ့်ဘိန်း ၁၀ ဂရမ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်အရ အဲဒီတိုက်ခန်းတွဲက နောက်တခန်းမှာနေတဲ့  ဆိုင်ကပ် ကို စိတ်ပြောင်းဆေးဝါး ကက်တမင်း ၂၄ ဂရမ်၊ Happy Water ၃၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ အဆင့်နိမ့်ဘိန်း ၂၅၀ ဂရမ်နဲ့အတူဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ အဲဒီအငှားတိုက်ခန်း  အခန်းအမှတ် ၅ နေ စည်သူဖြိုး ကို စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀,၀၀၀၊ Honda CRV ကား ၁ စီးနဲ့အတူ ထပ်ပြီးဖမ်းမိလို့ စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၂,၈၅၁ သိန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေး၊ စိတ်ပြောင်းဆေးတွေသိမ်းဆည်းရမိပြီး အသ်က ၃၂ နှစ်အရွယ် ညီလောက်စီ၊ ၃၉ နှစ်အရွယ် ဆိုင်ကပ်နဲ့ ၂၂ နှစ်အရွယ် စည်သူဖြိုးတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013