Home
မြန်မာသတင်း
ပုသိမ်ကြီးမြို့နယ်၌ ကျပ်သန်းပေါင်း ၄၄,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
April 4, 2025
Photo : CCDAC

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ကျပ်သန်းပေါင်း ၄၄,၀၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က ဧပြီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မတ် ၂၂ ရက် မနက် ၅ နာရီက ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောရွာနားမှာ ပြင်ဦးလွင်ကနေ မန္တလေးကို ကျော်စွာထွန်း မောင်းနှင်လာတဲ့ Mitsubishi Canter ၆ ဘီးကားကို သတင်းအရ ရှာဖွေရာမှာ ဂေါ်ဖီထုပ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြားရေ သိန်း ၂ဝဝ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ကားကို ကျော်စွာထွန်းဆီ အပ်နှံသူ တင့်လွင်မိုးကို ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၁၀ မှာ မော်တော်ဆိုင်ကယ်တစီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ဆေးပြား လာရောက်ယူဆောင်သူတွေဖြစ်တဲ့ ရဲမင်း (ခ) နွားကြီးနဲ့ မကေသွယ်မိုး တို့ကို ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၅ လမ်းမှာ Foton View ကားနဲ့ ဖမ်းဆီးရမိတယ်လို့ ဖော်ပြပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ဆေးပြားတွေကို လက်ခံရယူသူ ကိုစိုင်း (ခ) စိုင်းထွန်းအောင်ကျော် (ခ) မောင်အောင်နိုင် (ခ) သားကြီးကို ပြည်ကြီးတံခွန်မြို့နယ်၊ ၆ဝ x ၁ဝ၇ လမ်းထောင့်က ဟိုတယ်မှာ ဖမ်းဆီးရမိခဲ့ပြီး သူ့ဆီကိုလာပို့နဲ့ စောသန့်စင် (ခ) ကိုရဲနဲ့ အောင်ကျော်လေး (ခ) ရဲမင်းအောင် တို့ကိုလည်း ပြည်ကြီးတံခွန်မြို့နယ်မှာ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ဆီကို ဆေးပြားလာပို့နေတဲ့ လူအေးကို ချမ်းမြသာစည်မြို့နယ်၊ လမ်း ၁၁၀ က လက်ဖက်ရည်ဆိုင်မှာ ဖမ်းဆီးရမိပြီး ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းရွာသစ်မှာရှိတဲ့ သူ့ရဲ့ အိမ်နဲ့ခြံဝင်းအတွင်း Alphard ကားပေါ်ကနေ ဆေးပြား ၉၇ ဒသမ ၅ သိန်း ထပ်မံ သိမ်းဆည်းရမိတာကြောင့် စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သန်းပေါင်း ၄၄,၆၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၇ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိတဲ့ ဆေးပြားတွေရဲ့ ပိုင်ရှင်ဟာ စိုင်းနေလင်းထွေး (ခ) လင်းထွေး ဖြစ်တယ်ဆိုပြီး ဒါဟာ မူးယစ်မှောင်ခိုဂိုဏ်း ဖြစ်တယ်လို့လည် ဖော်ပြထားပါတယ်။

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကျပ်သန်းပေါင်း ၈,၂၀၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့လည်း မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုအဖွဲ့က ဧပြီ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013