Home
မြန်မာသတင်း
တနင်္သာရီတွင် မူးယစ်ဆေး လက်ဝယ်တွေ့သူ ၄ ဦးကို ပလဖအဖွဲ့ ဖမ်းဆီး
DVB
·
April 11, 2025
Photo : တနင်္သာရီမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါးတွေ ရောင်းဝယ်သုံးစွဲသူ ၄ ယောက်ကို ဖမ်းဆီးထားပြီး အမှုဖွင့်ထားတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ကနေ သိရပါတယ်။

ဧပြီ ၆ ရက်က ဘန်းပြည့်နောက်ကျေးရွာက မစိမိုကို (ခ) မစာဥကို သိန္ဓောကျေးရွာ မိုင်းလုပ်ကွင်းအတွင်းရှိ တဲအတွင်းမှာ WY စိတ်ကြွမူးယစ်ဆေးဝါး ၄၄ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့ထွက်ဆိုချက်အရ မြရာချောင်းကျေးရွာက ဦးညွန့်ဝေ (ခ) ဦးဝေငယ်ကို ဧပြီ ၇ ရက်မှာ သွားရောက်ဖမ်းဆီးရာ WY စိတ်ကြွဆေးပြား ၁၇၃ လုံးအပြင် ငွေသားနဲ့ တခြား သက်သေခံပစ္စည်းတွေကိုပါ လက်ဝယ်တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

ဧပြီ ၈ ရက်မှာတော့ မြရာချောင်းကျေးရွာက ကိုကျော်ဇင်နဲ့ ဇနီးဖြစ်သူ မမာလွင်တို့ကို ရာဘာခြံထဲမှာ မူးယစ်ဆေးဝါး‌ ရောင်းချနေကြောင်း သတင်းရလို့ သွားရောက်ရှာဖွေစစ်ဆေးရာ ကိုကျော်ဇင်ကို မူးယစ်ဆေးသုံးစွဲလျက် တွေ့ရှိရပြီး မမာလွင်ကိုတော့ WY စိတ်ကြွဆေးပြား ၂ လုံးနဲ့အတူ လက်ဝယ်တွေ့ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပလဖအဖွဲ့ရဲ့ ဒုတာဝန်ခံတယောက်က ပြောပါတယ်။

“ကျနော်တို့ဆီမှာ အမျိုးသားနဲ့ အမျိုးသမီး အချုပ်ခန်းကို အပေါ်ထပ်နဲ့ အောက်ထပ် ခွဲပြီးတော့ ထားရှိပါတယ်။ အပေါ်မှာ အမျိုးသမီး၊ အောက်မှာ အမျိုးသားအချုပ်ခန်းပါ။ နောက်ထပ်လည်း ဖမ်းဆီးထားတာတွေ ရှိပါတယ်။ စိစစ်နေဆဲတုန်းပါ။ အခြေအနေအရ မထုတ်ပြန်သေးပါဘူး။”

ကွင်းဆက်တရားခံတွေဖြစ်တဲ့ ဦးညွန့်ဝေနဲ့ မစိမိုကို တို့ကို ဥပဒေပုဒ်မ ၁၉(က) နဲ့ အရေးယူ ဆောင်ရွက်ထားပြီး ကိုကျော်ဇင်နဲ့ မမာလွင်တို့ လင်မယား ၂ ယောက်ကို ဥပဒေပုဒ်မ ၁၆(ဂ) နဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

အဆိုပါ ဖမ်းဆီးမှုတွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်သွားတာ ဖြစ်ပြီး ဆက်လက်ပြီး တော်လှန်ရေး ထိန်းချုပ်နယ်မြေတွေအတွင်းမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးအရေးယူမယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013