
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ် ၃ လုံးနဲ့ ဥယျာဥ်ခြံတွေ ထိခိုက်ပျက်စီးကာ တိရစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၁၀ ရက် မနက် ၇ နာရီခွဲဝန်းကျင်လောက်မှာ မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အနောက်မော်တုန်းရွာအုပ်စု ညောင်ဇင်တောင့်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ရွာမှာ အုပ်ချုပ်ရေးဖွဲ့ဖို့ အစည်းအဝေးလုပ်နေတယ် ဆိုပြီး သတင်းကြားပြီး ပစ်တာ ထင်တယ်။ အစည်းအဝေးက မလုပ်ဖြစ်ခဲ့ဘူး။ မလုပ်ခင်မှာ ခန့်မှန်းပြီးပစ်တာ ဖြစ်မယ်။”
၁၂ဝ မမ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ညောင်ဇင်တောင့်ကျေးရွာက နွားတကောင်၊ ဆိတ်တကောင် ထိမှန်သေဆုံးခဲ့ကာ အရပ်သားပြည်သူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
အဆိုပါ အနောက်မော်တုန်းရွာအုပ်စုဘက်ကို စစ်ကောင်စီရဲ့ ၃၀၆ အမြောက်တပ်ရင်းကနေ လက်နက်ကြီးတွေ အမြဲပစ်ခတ်လေ့ရှိပြီး ဒရုန်းတွေနဲ့လည်း ရံဖန်ရံခါ ဗုံးသီးချ တိုက်ခိုက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
အခုနှစ် မတ် ၂၁ ရက်ကလည်း ရွာလုံးကျွတ် စစ်ရှောင်နေရတဲ့ ပြည်ထောင်စုကားလမ်းပိုင်းရှိ ချောင်းလမုကျေးရွာမှာ ရိက္ခာပြန်ဝင်ယူတဲ့ စစ်ဘေးရှောင် ကိုယ်ဝန်သည်အမျိုးသမီးတယောက်နဲ့ အမျိုးသား ၂ ယောက်တို့ဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့ကြတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။