
အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ တပ်မ ၇၇ တပ်မမှူးနဲ့ စစ်သုံ့ပန်းတွေကို စစ်ကောင်စီက နှုတ်ပိတ် သတ်ဖြတ်လို့မရအောင် နေရာခွဲပြီး ထိန်းသိမ်းထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဧပြီ ၇ ရက် ညမှာ အင်းတော်မြို့က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဂျပန်လိုဏ်ဂူစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ်သိမ်းယူပြီး မြို့သိမ်းနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ဂျပန်လိုဏ်ဂူစခန်းမှာ တပ်စွဲထားတဲ့ တပ်မ ၇၇ တပ်မမှူးနဲ့ စစ်သားတွေဟာ ကသာဘက်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ တော်လှန်ရေးအင်အားစုတွေက လိုက်လံဖမ်းဆီးနိုင်ခဲ့တာပါ။
တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး အပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို တော်လှန်ရေးအစုအဖွဲ့တွေက အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် နှုတ်ပိတ် သတ်ဖြတ်တာမျိုး လုပ်လို့မရအောင် နေရာခွဲပြီး ထိန်းသိမ်းထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။
အင်းတော်ဒေသခံ တော်လှန်ရေးရဲဘော်တယောက်က “လောလောဆယ် ကျနော်တို့ ဖမ်းမိတဲ့ဟာက ရာကျော်မယ်ဗျ။ ဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့က ထိန်းသိမ်းထားဆဲပါ၊ စိတ်ချရမယ့် နေရာတွေမှာ သူတို့ကို ခွဲခြမ်းပြီးတော့ အစောင့်အရှောက်နဲ့ သူတို့ကို သေသေချာချာ ထိန်းသိမ်းထားပါတယ်။ နေရာအတိအကျ ပြောပြဖို့တော့ ခက်ပါတယ်။ နေရာတိတိကျကျသိရင် သူတို့လူကို သူတို့ပြန်ပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲသတ်တာ လုပ်တတ်တဲ့အပေါ်မှာ ကျနော်တို့က တိတိကျကျပြောပြဖို့က ခက်ပါတယ်။ သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေကို ဆေးကုပေးတာ ရှိမယ်၊ သူတို့ဆီမှာ စစ်ဆေးစရာရှိတာတွေကို စစ်ဆေးပြီးပြီဆိုမှပဲ သုံ့ပန်းဥပဒေနဲ့ ထိန်းသိမ်းထားမှာ ဖြစ်သလို အပြစ်ရှိရင်တော့ အပြစ်ရှိသလို ထောင်ချတာတွေ အရေးယူတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ တရားရုံးက ဘယ်လိုချမှတ်မယ်တော့ မသိဘူး။ လွတ်မြောက်နယ်မြေ ပို့တာတို့၊ ထောင်ချတာတို့ ဒါကတော့ နည်းမျိုးစုံတော့ ရှိပါတယ်။ ပြောဖို့တော့ ခက်ပါသေးတယ်၊ လက်ရှိမှာတော့ ထိန်းသိမ်းထားဆဲပဲ ဟုတ်တယ်၊ စစ်ဆေးတာတွေ ဘာညာ အများကြီး ကျန်နေပါသေးတယ်” လို့ ပြောပါတယ်။
တော်လှန်ရေးအစုအဖွဲ့တွေဟာ အင်းတော်မြို့ကို သိမ်းယူနိုင်ဖို့ အချိန် ၈ လနီးပါး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရတာပါ။
စစ်ကောင်စီက အင်းတော်မြို့ကို ထိန်းဖို့ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်ရာမှာ နာမည်ကြီးတဲ့ တပ်မ ၇၇ ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အင်းတော်မြို့နဲ့ အနီးဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေတုန်း ဖြစ်တဲ့အတွက် မြို့ခံပြည်သူတွေကို နေရာပြန်ချရေးနဲ့ ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။
အင်းတော်ဒေသခံ တော်လှန်ရေးရဲဘော်တယောက်က “ပြန်လည်ထူထောင်ရေးတွေ တော်တော်လုပ်ရမယ်ဗျ။ လုပ်ရမယ်ဆိုတာ လက်ရှိအခြေအနေအရ လေကြောင်းအန္တရာယ် ရှိနေသေးတာ ဖြစ်တဲ့အတွက် ပြည်သူတွေကိုတော့ နေရာချထားပေးဖို့တော့ ခက်ခဲဦးမယ် ထင်တယ်။ အမြန်ဆုံးတော့ နေရာချထားပေးဖို့တော့ စီစဉ်ပါလိမ့်မယ်။ ဆက်ပြီး စီစဉ်နေတာတွေကလည်း အနားမှာက အန္တရာယ်ိရှတဲ့ နေရာတွေ ရှိသေးတယ်။ ဥပမာ ဗန်းမောက်၊ ဝန်းသို၊ ကောလင်း၊ ထီးချိုင့်၊ ကသာ ရှိမယ်၊ စစ်ကောင်စီတပ် လက်ကျန်ရှိနေသေးတာတွေ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က အများကြီး ဂရုတစိုက် လုပ်ကိုင်ဆောင်ရွက်ရဦးမယ်” လို့ ပြောပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲအပြီး မြို့ကို ပြန်လက်မလွှတ်ရရေးနဲ့ ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်ရာမှာ ကောလင်းမြို့ ပြန်ပေးခဲ့ရတဲ့ သင်ခန်းစာကိုယူပြီး စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကိုင်းအထက်ပိုင်း အင်းတော်မြို့ကို သိမ်းယူနိုင်ခဲ့သလို စစ်ကိုင်းတိုင်းတခုလုံးက PDF တွေကလည်း ရှေ့ဆက်အောင်ပွဲတွေအတွက် ပြင်ဆင်နေတယ်လို့ ပုလဲ PDF ကိုနေမင်းက ပြောပါတယ်။
“အင်းတော်မြို့သိမ်းမှာ ဆက်ပြီးတော့ အောင်ပွဲတွေဆီ ချီတက်ဖို့ အင်အားဖြစ်သလို တဖက်မှာလည်း စစ်ကောင်စီက အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်လာနိုင်တယ်။ ဒါတော့ ကျနော်တို့ သတိထားရမယ်။ ပြည်သူလူထုကို ကျနော်တို့ မှာချင်တာ အောင်ပွဲဟာ မကြာခင်မှာ လမ်းဆုံးပန်းတိုင်ကို ရောက်ပါတော့မယ်၊ အားတင်းထားကြပါလို့။ အင်းတော် ဆိုတဲ့ မြို့ကို မနှစ်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ၈ လကြာသည့်တိုင်အောင် တိုက်ခိုက်တော်လှန်ခဲ့တာ ဖြစ်တဲ့အတွက် မကြာခင်မှာ နေပြည်တော်သို့ အားလုံးချီတက်ပြီးတော့ ရောက်ရှိတော့မှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အားလုံးပဲ အတူတူ အားတင်းပြီးတော့ ရှေ့ကို ချီတက်ကြပါစို့လို့ ပြောချင်ပါတယ်ဗျ။”
အင်းတော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ရင်းတွေ၊ ကျောင်းသားတပ်မတော် (ABSDF) နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တာပါ။
ဖမ်းဆီးရမိထားတဲ့ တပ်မ ၇၇ တပ်ဖွဲ့ဝင်တွေကတော့ ခေတ်အဆက်ဆက် မြို့ပြသပိတ်တွေမှာ အကာအကွယ်မဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ပြီး နာမည်ကျော်ခဲ့သူတွေ ဖြစ်ပါတယ်။
သုတချမ်းသာ