Home
မြန်မာသတင်း
ငလျင်ဒေသကို စစ်တပ်က လေကြောင်းဗုံးကြဲပြီး လူမဆန်သည့် ရက်စက်မှုများ ဆက်လုပ်နေဟု သံအမတ်ကြီးပြော  
DVB
·
April 10, 2025
Photo: Permanent Mission of Myanmar to the United Nations

မြန်မာနိုင်ငံမှာ စစ်ကိုင်းငလျင်ဒဏ်ကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ပြီး၊ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပေမဲ့ အကြမ်းဖက် စစ်တပ်က ငလျင်ဒဏ်သင့်ဒေသတွေ အပါအဝင် နိုင်ငံတဝန်း အရပ်သား ပြည်သူတွေအပေါ် ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်မှု၊ ရက်စက်ကြမ်းကြုတ်မှုနဲ့ ရာဇဝတ်မှုတွေ အဆုံးသတ်ခြင်း မရှိတာကြောင့် မြန်မာပြည်သူတွေရဲ့ ဒုက္ခဆင်းရဲနဲ့ အသက်တွေ ကယ်တင်ဖို့ အာဏာသိမ်းစစ်အုပ်စုထံသို့ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်း၊ ဂျက်လေယာဉ်ဆီ၊ စစ်ရေးနဲ့ အရပ်ဘက် ၂ မျိုးသုံးနိုင်တဲ့ ပစ္စည်းတွေစီးဆင်းမှုကို ရပ်တန့်ဖို့လည်း  ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးကို တောင်းဆိုလိုက်ပါတယ်။

ဧပြီ ၈ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးကော်မရှင်ရဲ့ ၂၀၂၅ ခုနှစ်၊ ဘာသာရပ်ဆိုင်ရာ အထွေထွေဆွေးနွေးမှုမှာ  သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားစမ်းသပ်ခြင်းဆိုင်ရာ အလုံးစုံတားမြစ်ရေးစာချုပ် (CTBT)  အား ကမ္ဘာလုံးဆိုင်ရာ လိုက်နာကျင့်သုံးရေးနဲ့ စပ်လျဉ်းပြီး အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ် သတ်မှတ်ထားရှိပြီး၊ အာဏာသက်ဝင်မှုရှိစေဖို့ အတည်ပြု လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသော နိုင်ငံတွေ၊ အထူးသဖြင့် နောက်ဆက်တွဲ အမှတ် (၂) မှာ ပါဝင်တဲ့ အတည်ပြု လက်မှတ်ရေးထိုခြင်း မရှိသေးတဲ့ နိုင်ငံတွေအနေနဲ့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အတည်ပြု လက်မှတ်ရေးထိုးဖို့လည်း  တိုက်တွန်းလိုက်ပါတယ်။

အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်စာချုပ်ရဲ့ အဖွဲ့ဝင်နိုင်ငံနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက်တွေကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတွေကို ခိုင်မာအားကောင်းစေဖို့ ဒေသဆိုင်ရာ ချဉ်းကပ်နည်းတခုအဖြစ် နျူကလီးယား လက်နက်ကင်းမဲ့ဇုန်တွေ တည်ထောင်တာကို ထောက်ခံတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

စစ်ကောင်စီကတော့ ရုရှားရဲ့အကူအညီနဲ့ မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့  သဘောတူချုပ်တွေကို မကြာသေးခင်ကမှ သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့  မော်စကိုခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။  

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးနဲ့ ဒဏ်ရာရသူ  စုစုပေါင်း  ၁၂,၀၀၀ ကျော်ရှိလာပြီး လူနေအိမ်တွေ တိုက်တာအဆောက်အဦတွေ အမြောက်အမြား ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေး အကူအညီတွေ အရေးပေါ် လိုအပ်နေတာဖြစ်ပါတယ်။

ငလျင်ဘေးကြုံနေရချိန် စစ်ကောင်စီဘက်ကရော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကပါ တဖက်သတ် အပစ်ရပ် ကြေညာထားကြပေမဲ့ တဖက်မှာလည်း ငလျင်ဘေးသင့်ဒေသ အပါအဝင် မြန်မာနိုင်ငံအနှံ့  ပစ်ခတ်တိုက်ခိုက်မှုတွေက ဆက်ရှိနေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုးတာတွေ၊ မြို့သိမ်းတိုက်ပွဲတွေ၊ တပ်သားသစ် စုဆောင်းတာ စစ်သင်တန်းပေးနေတာတွေကလည်း အဆက်မပြတ်ရှိတာ ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013