
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလော ကျေးရွာအုပ်စု၊ ဘလယ်ဝေါ်ကျေးရွာနဲ့ ထီးသဲကရူကျေးရွာ အတွင်းကို ဧပြီ ၈ ရက် ညနေ ၅ နာရီကျော်လောက်က စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘလယ်ဝေါ်ကျေးရွာက အသက် ၃၉ နှစ်အရွယ် စောပါနာမူးနဲ့ စောဒေးစိတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စောကာနေမူး၊ စောပါနာမူးနဲ့ စောဒေါနီတို့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ထီးသဲကရူကျေးရွာက နော်ကြာဟဲနေအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်မှူးကြီး စောကလယ်ဒို (ပြောခွင့်ရ) က “သူတို့(စစ်ကောင်စီ)က ကူညီကယ်ဆယ်ရေး ကာလမှာ ရှောရှောရှူရှူဖြစ်အောင်ဆိုပြီး တိုက်ပွဲတွေ မဖော်ဆောင်ဘူး၊ စစ်ကြောင်းထိုးတာက အစ အကုန်လုံး မလုပ်ဘူးလို့ သူတို့က ပြောထားတယ်။ ဒါပေမဲ့ သူတို့ပြောတာနဲ့ သူတို့လုပ်တာနဲ့ တခြားစီပဲ။ သူတို့ကတိက အရင်ကလည်း မတည်ဘူး၊ အခုလည်း မတည်ဘူး၊ နောက်လည်း တည်မှာမဟုတ်ဘူးလို့ ပြောချင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူသောမြို့နယ်၊ လယ်မူပလောအုပ်စုတွင်းက ကျေးရွာသူ ကျေးရွာသားတွေဟာ စိုးရိမ်ကြောက်လန့်ပြီး နေထိုင်နေရပါတယ်။
ဧပြီ ၂ ရက် ညနေ ၄ နာရီလောက်က တပ်မဟာ ၅ နယ်မြေ၊ ကတိုင်တိကျေးရွာနဲ့ ကမမောင်းမြို့ကြားက လေးဖိုးထာကျေးရွာအုပ်စု၊ နဲကကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ယောက် သေဆုံးပြီး ကလေးငယ် အပါအဝင် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။